
ကြို့ပင်ကောက် စက်တင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ ယခုနှစ်ဆောင်းသီးနှံစိုက်ရာသီတွင် ဆီထွက်သီးနှံနေကြာ ၃၆၄၁ ဧက စိုက်ပျိုးရန် လျာထား ဆောင်ရွက်မည်ဖြစ်သောကြောင့် နေကြာမျိုးစေ့များကို စက်တင်ဘာ၂၂ ရက်မှစ၍ တောင်သူများထံ ဖြန့်ဖြူးရောင်းချပေးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆောင်းသီးနှံနေကြာ သီးသန့်စိုက်ဧက ၁၅၀ နှင့် ဆောင်းသီးနှံပဲခင်း များတွင် သီးညှပ်စိုက်ဧက ၃၄၉၁ ဧက စိုက်ပျိုးရန် လျာထားရာ တောင်သူများအား တစ်ဧကလျှင် နေကြာမျိုးစေ့တစ်အိတ်နှင့် ဓာတ်မြေဩဇာ အိတ်တစ်ဝက်တို့ကို ရောင်းချ ပေးလျက်ရှိကြောင်း၊ ယနေ့အထိ နေကြာမျိုးစေ့အိတ် ၉၀၀ ရောင်းချပြီးကြောင်း၊ နေကြာ စိုက်ပျိုးမည့် တောင်သူများကိုလည်း စိုက်ပျိုးချိန်တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာနယ်မြေတာဝန်ခံ ဝန်ထမ်းများက စိုက်ပျိုးရေးနည်းပညာများ၊ ပိုးမွှားကာကွယ်ရေးလုပ်ငန်းများကို ကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမောင်မောင်ဌေးက ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)