
နေပြည်တော် ဩဂုတ် ၁၈
ကိုဗစ်- ၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော် ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင် ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိရာ ပြီးစီးသည့် နေရာများတွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်း များ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ပြင်ဆင်ဆောင်ရွက်ပေးနေမှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု၍ ကိုဗစ်- ၁၉ ရောဂါ အထောက်အကူပြုပစ္စည်းများ၊ အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုသို့ ပြင်ဆင်လက်ခံ ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ ည ၇ နာရီအထိ နေပြည်တော် စစ်ကြော ရေးနှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့် သူ အမျိုးသား ၂၂၁ ဦးနှင့် အမျိုးသမီး ၁၄၂ ဦး စုစု ပေါင်း ၃၆၃ ဦးကို လည်းကောင်း၊ ဥတ္တရသီရိမြို့နယ် ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ အမျိုးသား ကိုးဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၁ ဦးတို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ အမျိုးသား ၁၃၀ နှင့် အမျိုးသမီး ၁၁၉ ဦး စုစုပေါင်း ၂၄၉ ဦးကို လည်းကောင်း၊ ရဲမွန်တပ်မြို့ရှိ နယ်မြေခံတပ်၌ ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအမျိုးသား ၄၃ ဦး နှင့် အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၆၈ ဦးကို လည်းကောင်း အသီးသီး လက်ခံထားရှိကြောင်း သိရသည်။
အဆိုပါ စောင့်ကြည့်လူနာများနှင့် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများ၏ နေထိုင်စားသောက် ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကိုထားရှိရန်ပြင်ဆင်နေသည့် မင်္ဂလာဒုံမြို့နယ် အခြေခံ ပညာဦးစီးဌာနရှိ ပညာရေးစီမံခန့်ခွဲမှုသင်တန်း ကျောင်းတွင် အဆောင်လေးဆောင်ရှိ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ အောက်ဆီဂျင်လိုအပ်မည့် သူများအတွက် အောက်ဆီဂျင်ပိုက်လိုင်းသွယ်တန်း တပ်ဆင်ထားရှိမှုနှင့် လူဦးရေ ၃၀၀ ထားရှိမည့် အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိ သူများက ယနေ့တွင် သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်