
နေပြည်တော် ဇူလိုင် ၂၃
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဗဟိုမှ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့်လည်း စိုးရိမ်လွန်ကဲမှုမဖြစ်စေရန် အသိသတိဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရောဂါလက္ခဏာဖြစ်ပေါ်လာသူများအနေဖြင့် ဒေသန္တရဆေးခန်း၊ ဆေးပေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဆေးရုံများ၊ စောင့်ကြည့်လူနာ လက်ခံ စင်တာများ၊ အတည်ပြုလူနာလက်ခံစင်တာများသို့ သွားရောက်ပြသကြရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
b ရှေ့ဖုံးမှ
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
အဖွင့်အမှာစကားပြောကြား
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာ၌ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ကူးစက်မှုသည် မြင့်မားလာသည့်အနေအထားတွင် ရှိပြီး ရောဂါဗီဇ နှစ်မျိုး၊ သုံးမျိုးကွဲပြားလျက်ရှိသည်ကို တွေ့ရှိနေရကြောင်း၊ ကူးစက်ပြန့်ပွားမှုနှုန်းအနေဖြင့် လည်း နှစ်ဆမှ လေးဆ၊ လေးဆမှ ရှစ်ဆအထိ မြန်ဆန်မှုရှိနေသည်ကို တွေ့ရှိရကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ဗဟိုမှ ဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူဦးရေ ထူထပ်သိပ်သည်းသည့် ဒေသများတွင် အထူးဂရုပြု အလေးထားဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သော် လည်း အစိုးရိမ်လွန်ကဲမှုမဖြစ်စေရန် အသိသတိဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
တစ်နိုင်ငံလုံးရှိ ရောဂါကူးစက်ဖြစ်ပွားမှုများ၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆောင်ရွက် နေမှုများကို နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ လည်း ရောဂါကူးစက်ဖြစ်ပွားမှု၊ ကူးစက်ခံရမှု၊ သေဆုံးမှု၊ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များ ဆောင်ရွက်ပေးနေမှုတို့ကို ဖြစ်စဉ်အမှန်အတိုင်း ဒေသခံလူထုသိရှိအောင် အချိန်နှင့်တစ်ပြေးညီ ပြန်ကြား ပေးနိုင်ရမည်ဖြစ်ကာ သတင်းအမှန်များကို သိရှိ ရခြင်းဖြင့် စိုးရိမ်ကြောင့်ကြမှုများကို လျှော့ချပေးနိုင် ရမည်ဖြစ်ကြောင်း။
ပြည်သူလူထုအနေဖြင့် အောက်ဆီဂျင်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေပြီး ဒေသန္တရဆေးခန်း များ၊ ဆေးပေးခန်းများ၊ ဆေးရုံများသို့ မသွားရောက်ဘဲ မိမိတို့၏ အိမ်တွင်း၌ပင် ကြိတ်၍ကုသမှုများပင်ရှိနေ ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းသည် ရောဂါ၏ အတိမ် အနက်ကို မသိရှိနိုင်ဘဲ အန္တရာယ်ဖြစ်ပေါ်လာနိုင် သည့်အတွက် ဒေသန္တရဆေးခန်း၊ ဆေးပေးခန်းများမှ ကျန်းမာရေးဝန်ထမ်းများ၏ ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဆေးရုံများ၊ စောင့်ကြည့်လူနာလက်ခံ စင်တာများ၊ အတည်ပြုလူနာလက်ခံစင်တာများသို့ သွားရောက်ပြသကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကိုဗစ်ရောဂါပိုးသည် တစ်နေရာနှင့်တစ်နေရာ ရောဂါဖြစ်ပွားပုံချင်း တူညီမှုရှိမည်မဟုတ်ဘဲ အကင်း သေမည့်ရောဂါမဟုတ်ကြောင်း သိရှိရသဖြင့် သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး ရေရှည် စဉ်းစားဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ သုတေသနပြုလုပ်ရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့တို့ရှိ သုတေသနဌာနများမှသာလျှင် research လုပ်နိုင်မည်မဟုတ်ဘဲ ဆေးရုံအသီးသီးများမှလည်း ဖြစ်ပေါ်ပုံအဆင့်ဆင့်ကို စနစ်တကျမှတ်တမ်းတင် ထားရန်လိုအပ်ပြီး လုပ်ဆောင်နိုင်သည့် နယ်ပယ်မှ တစ်ဆင့် တတ်နိုင်သရွေ့ ဝိုင်းဝန်းလုပ်ဆောင်ကြရ မည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ထုတ်လုပ်နိုင်
ကိုဗစ်ရောဂါသည် ရေရှည်ဖြစ်ပေါ်နေနိုင်သည့် ရောဂါဖြစ်သဖြင့် ရောဂါကာကွယ်ဆေးကို မိမိတို့ နိုင်ငံတွင် ထုတ်လုပ်နိုင်ရေးလုပ်ဆောင်နေခြင်းဖြစ်ပြီး မိမိ၏ ရုရှားခရီးစဉ်၌ ဆွေးနွေးခဲ့ကြောင်း၊ ယခင်က ဖြစ်ပေါ်ခဲ့သည့် အသည်းရောင်အသားဝါပိုး၊ ငှက်ဖျား ရောဂါပိုးတို့ကို မိမိတို့နိုင်ငံ၌ ကာကွယ်ဆေးထုတ်လုပ် ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ယခုလည်း လုပ်ဆောင်နိုင်ရ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ကာကွယ်ကုသဆေးများကို သုတေသနပြုလုပ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဆေးရုံများသည် ကိုဗစ်ရောဂါကိုသာမက အခြားရောဂါများကိုလည်း ကုသနေကြရကြောင်း၊ ကိုဗစ်ရောဂါသည် အရေးကြီးသည်ဖြစ်သော်လည်း အခြားရေရှည်ကုသပေးရမည့် ရောဂါများ ကုသရာ တွင် လစ်ဟင်းမှုမရှိစေရေးအတွက်လည်း စဉ်းစားလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ သည် အမျိုးသားရေးကိစ္စရပ်ဖြစ်သဖြင့် အကြောင်း အမျိုးမျိုးကြောင့် လုပ်ငန်းခွင်များမှ ပျက်ကွက်နေကြ သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပတ်သက်၍ ပြောကြားရာတွင် “တစ်ဖက်က ကျန်းမာရေးဆိုင်ရာ ပုဂ္ဂိုလ်တချို့ကလည်း CDM လုပ်ထားတဲ့အတွက် ကြောင့် မလာကြဘူး။ ကျွန်တော်လည်း အကြိမ်ကြိမ် အခါခါ ဖိတ်ခေါ်တယ်၊ ခင်ဗျားတို့လာကြပါ။ ဒါ လူမှုရေးကိစ္စဖြစ်တယ်၊ နိုင်ငံ့အရေးကိစ္စဖြစ်တယ်၊ အမျိုးသားရေးကိစ္စဖြစ်တယ်၊ ကူညီရအောင် ပြောတယ်၊ တချို့လည်းလာကြတာရှိတယ်၊ တချို့ လည်း အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တာ လည်း ရှိပါတယ်၊ ကျွန်တော်ထပ်ပြီး မေတ္တာရပ်ခံ ပါတယ်…. ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေး ဆိုင်ရာပုဂ္ဂိုလ်အားလုံး တစ်နိုင်ငံလုံးပူးပေါင်း ဆောင်ရွက်ကြဖို့ ပြောလိုတယ်၊ ဆေးရုံတွေမှာ ကျန်းမာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော်ပြောလိုပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် အရေးပေါ်လူနာများကို အချိန်မီ ပို့ဆောင်နိုင်ရေး လိုအပ်မည်ဖြစ်သဖြင့် လူနာတင် ယာဉ်များ၏ ကြံ့ခိုင်မှုကိုလည်း တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်နေရန် လိုအပ်မည်ဖြစ်ကြောင်း နှင့် တာဝန်ကို ခွဲဝေပေးထားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အောက်ဆီဂျင်လုံလောက်စွာရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်ပမှ လည်း အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မှာယူ တင်သွင်းလျက်ရှိသဖြင့် စနစ်တကျသုံးစွဲရန်နှင့် သိုလှောင်မှုနှင့်ပတ်သက်၍လည်း ထိန်းသိမ်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြောက် ဥက္ကလာပဆေးရုံတွင် အောက်ဆီဂျင်ပိုက်လိုင်းများ ဖျက်ဆီးခံရသည်ဟုကြားသိရပြီး ဟုမ္မလင်းဆေးရုံ တွင်လည်း အကြောင်းမဲ့လုပ်ငန်းခွင်ပျက်ကွက်ခဲ့ သည့် ကျန်းမာရေးဝန်ထမ်းအချို့က အောက်ဆီဂျင်အိုး များကို သိုဝှက်ထားခဲ့သည်ဟု သိရှိရကြောင်း၊ ထိုကဲ့သို့ လုပ်ရပ်များသည် အတွေးအခေါ်မဲ့ပြီး စာနာမှုကင်းမဲ့သည့် လုပ်ရပ်များပင်ဖြစ်ပြီး ဆေးရုံ များအနေဖြင့်လည်း လူနာများ၏ ကျန်းမာရေး အတွက် လုံခြုံရေးတင်းကျပ်စွာ လုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
လိုက်နာမှုအားကောင်းလာ
ရောဂါဖြစ်ပွားမှုလက္ခဏာသည် တစ်ဦးနှင့် တစ်ဦး တူညီမှုမရှိသဖြင့် ကျန်းမာရေးဆိုင်ရာ ပညာပေးမှုများကို ရုပ်မြင်သံကြား၊ ရေဒီယိုတို့မှ ထုတ်လွှင့်သည်သာမက ထုတ်ပြန်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဟောပြောမှုများ၊ လက်ကမ်း စာစောင်များဖြင့်လည်း ကျန်းမာရေးအသိပညာပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ အသိ ပညာပေးဆောင်ရွက်မှုများကြောင့် ပြည်သူလူထု အနေဖြင့် လိုက်နာမှုအားကောင်းလာသည်ကို တွေ့ရှိ ရပြီး ၁၇ ရက်နေ့အထိ အများနှင့်သက်ဆိုင်သည့် နေရာများ၊ လုပ်ငန်းခွင်များသို့ သွားလာမှုများ သိသိ သာသာ လျော့ကျလာသည်ကို လေ့လာတွေ့ရှိရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းအသိစိတ်ဖြင့် သွားလာ လှုပ်ရှားနေထိုင်ကြစေရေး ပညာပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းတွင် ဆေးပညာရှင်တစ်ဦးက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထောက်ပြမှုများကို တွေ့ရှိရပြီး ကူးစက် မှုမှာ လူမှတစ်ဆင့်သာ ကူးစက်ခြင်းရှိပြီး ၎င်း၏ ပြောကြားချက်သတင်းစကားကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထပ်ဆင့်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း၊ မှန်ကန်သည့် အသိပညာများ ရရှိစေလိုခြင်း ဖြစ်ပြီး စိုးရိမ်ပူပန်မှုကို လျော့ကျစေလိုခြင်းကြောင့် ဖြစ်ပါကြောင်း၊ အသက်အန္တရာယ်နှင့်ဆိုင်သည့် ကိစ္စရပ်များဖြစ်သဖြင့် ကောလာဟလ ရေးသားခြင်း များ မပြုလုပ်ကြရန် မည်သို့ပင်မေတ္တာရပ်ခံလျက်ရှိ သော်လည်း ကောလာဟလသတင်းများ ဆက်လက် ပြန့်ပွားလျက်ရှိသဖြင့် အခြေအနေမှန်များကို သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ အောက်ခြေသတင်းအမှန်၊ အခြေအနေမှန်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြမှ သာလျှင် ဗဟိုမှဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို သိရှိအောင် ဆောင်ရွက်ပြီး တင်ပြကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အခြားလိုအပ်ချက်မှန်သမျှကို တတ်စွမ်းသရွေ့ ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားသည်။
အမြန်ဆုံးထိုးနိုင်ဖို့ ကြိုးစားပေးပါမယ်
ထို့နောက် ရောဂါကာကွယ်ဆေးများ ရောက်ရှိမှု နှင့် အခြားဆေးရုံသုံးပစ္စည်းများ ရောက်ရှိမှု၊ ထိုးနှံ ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုအခြေအနေများ နှင့် ပတ်သက်၍ ပြောကြားရာတွင် “တရုတ်နိုင်ငံကနေ လှူဒါန်းတဲ့ ဆေး ၇၃၆၀၀၀ မနေ့က ရောက်လာပါ တယ်။ အဲဒါကိုဒီနေ့ကစပြီး ဖြန့်ပြီးတော့ ဆေးထိုးဖို့ ဆောင်ရွက်နေပါတယ်။ ဒီနေ့လည်းရောက်ပါမယ်။ မနက်ဖြန်လည်း ရောက်ပါမယ်။ ဩဂုတ်လပထမပတ် အထိ လေးသန်းရောက်ဖို့ရှိပါတယ်။ တောက်လျှောက် ကျွန်တော်တို့ပေးပါမယ်။ အဓိကလက်ဝယ် ရောက်လာလို့ရှိရင် ဒါတွေကို အမြန်ဆုံးထိုးနိုင်ဖို့ အတွက် ကြိုးစားပေးပါမယ်။ ကျွန်တော်တို့က နှစ်ပတ်ခြားပြီးမှ ထိုးရတဲ့အတွက်ကြောင့် နောက်ထပ် နှစ်ပတ်ခြားတဲ့အချိန်မှာ ဆေးရအောင် ကျွန်တော် ကြိုးစားပါမယ်။ လက်ထဲမှာ Risk ယူပြီးတော့မှ အရန်ချန်ထားတာတွေဘာတွေ သိပ်မလုပ်ဘဲနဲ့ များများ First Dose ကို ထိုးနိုင်ဖို့လိုတယ်။ ဒါလေး တွေလည်း ဥက္ကဋ္ဌများကို ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ကိုဗစ်နဲ့ပတ်သက်လို့ရှိရင် ငွေရေးကြေးရေးကိစ္စရပ်ကအစ ဘာကန့်သတ်ချက်မှ မထားပါဘူး။ ဆိုလို တာက ဆေးရုံတက်ကုသဖို့အတွက် ဆေးတို့ဘာတို့ဝယ်တာအပြင်ကို ဆေးရုံအတွက် လိုအပ်တဲ့ အခြားပစ္စည်းတွေပါတယ်။ ဥပမာအားဖြင့် Mask လိုဟာမျိုးတွေ၊ လက်အိတ်လိုဟာမျိုးတွေ၊ PPE လိုဟာမျိုးတွေ၊ နောက်ဆုံးစားစရာသောက်စရာ တွေကအစ လူနာကို စိတ်အားငယ်စေရအောင် ဘာမှ မဖြစ်ပါစေနဲ့၊ သူတို့ အတတ်နိုင်ဆုံး တစ်နေ့တစ်နေ့ မှာတော့ သူတို့အပေါ်မှာ ကိုယ့်ကိုယ်ကိုယ် စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ဆေးဝါးကုသတာကိုခံဖို့အတွက် မျှော်မှန်းပြီး ဆောင်ရွက်ဖို့လိုပါတယ်။ အဲဒီတော့ ဒါနဲ့ ပတ်သက်ပြီး ဘာကန့်သတ်ချက်မှ ကျွန်တော်တို့ မထားဘူးဆိုတာကို အားလုံးကိုအသိပေးလိုပါတယ်” ဟု ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် စတင်ဖြစ်ပွား ချိန်မှ လက်ရှိအချိန်အထိ နှစ်သိန်း ငါးသောင်းကျော် ရှိပြီဖြစ်ပြီး သေဆုံးသူ ၆၁၀၀ ကျော်ရှိပြီဖြစ်သည့်အခြေ အနေ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု မှလည်း ပိုမိုပူးပေါင်းဆောင်ရွက်လာသည့်အတွက် နောက်ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ရောဂါ ကူးစက်မှုနှုန်း လျော့ကျလာနိုင်မည့် အခြေအနေ၊ ကာကွယ်ရေးလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် ကာကွယ်ဆေးထိုးနှံမှုကို စနစ်တကျဖြစ်စေရေး အတွက် အိုင်တီနည်းပညာဖြင့် စာရင်းသွင်းပြုစု နိုင်ရေးအတွက် တပ်မတော်မှ ကွန်ပျူတာပညာရှင် များဖြင့် ဆော့ဝဲပြုလုပ်လျက်ရှိပြီး လွယ်လွယ်ကူကူ ဖြင့် သုံးစွဲနိုင်ရေး လုပ်ဆောင်ထားရှိကာ ပြည်နယ်နှင့် တိုင်းများရှိ ရောဂါတုံ့ပြန်ရေးအဖွဲ့များသို့လည်း ဆက်လက်ဖြန့်ဝေပေးသွားမည့် အခြေအနေ၊ ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် သေဆုံးမှုကိုလျှော့ချ နိုင်ရေး ဦးစားပေးအုပ်စု၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရေးအတွက် လိုအပ်သည့်အုပ်စု၊ ကိုဗစ် ကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို ဖြစ်ပွားစေနိုင် မည့် ဦးစားပေးအုပ်စုဟူ၍ ခွဲခြား၍ ဦးစားပေးထိုးနှံ ပေးသွားမည့် အခြေအနေ၊ ရောဂါကာကွယ်ကုသ ထိန်းချုပ်ရေးအတွက် စောင့်ကြည့်လူနာထားရှိရေး စင်တာများနှင့် အတည်ပြုလူနာထားရှိရေး စင်တာ များကို ထပ်မံတိုးချဲ့ လက်ခံကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရေး ရန်ပုံငွေမှ သုံးစွဲထားရှိမှု အခြေ အနေ၊ လေကြောင်းလိုင်းများ၊ နယ်စပ်ဒေသများ၊ ဆိပ်ကမ်းများ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာပစ္စည်းများကို တင်သွင်းလျက်ရှိသည့် အခြေအနေနှင့် လူ့ကျန်းမာရေး နှင့် သက်ဆိုင်သောပစ္စည်းများဖြစ်၍ အချို့သော FDA ခွင့်ပြုချက်မရှိသည့် ပစ္စည်းများကို စိစစ်ရန် လိုအပ်သည့် အခြေအနေ၊ အိမ်နီးချင်းနိုင်ငံများတွင် လည်း ကူးစက်ပြန့်ပွားမှုနှင့် အောက်ဆီဂျင် လိုအပ်ချက် မြင့်တက်လာသည့်အတွက် ပြည်တွင်းရှိ Oxygen plant များတွင် တိုးချဲ့ထုတ်လုပ်နိုင်မည့် အခြေအနေ၊ ဝေးလံခေါင်ဖျားဒေသများတွင် အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေ၊ ပို့ဆောင် ဆက်သွယ်ရေးနှင့်ပတ်သက်၍ လေကြောင်းလိုင်း၊ ရေကြောင်းလိုင်း၊ မီးရထားနှင့် ကုန်းလမ်းပို့ဆောင်ရေး တို့ကို ပုံမှန်ပြေးဆွဲပေးလျက်ရှိ ပြီး ခရီးသည်လျော့ပါးမှု အပေါ်မူတည်၍ အခေါက်ရေ လျှော့ချပြေးဆွဲလျက် ရှိသည့် အခြေအနေ၊ ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးမှုများကို နိုင်ငံပိုင်ရုပ်မြင်သံကြား၊ ရေဒီယိုတို့ အပြင် ပုဂ္ဂလိကရုပ်သံလိုင်းများမှလည်း အသိပညာ ပေးလျက်ရှိသည့် အခြေအနေ၊ မီဒီယာအချို့၏ ကိုဗစ် ရောဂါကို အသုံးချ၍ သတင်းမှားထုတ်လွှင့်နေမှုနှင့် သတင်းမှန်ပြန်ကြားနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေမှုအခြေအနေ၊ ထပ်မံရောက်ရှိလာ သည့် ကာကွယ်ဆေးများထိုးနှံရေးအတွက် လူထု အား အသိပညာပေး လှုံ့ဆော်ဆောင်ရွက်သွားမည့် အခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များနှင့် ရောဂါကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်း များတွင် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များ ပါဝင် ထမ်းဆောင်နေမှုအခြေအနေ၊ ကာကွယ်ဆေးထုတ်လုပ် နိုင်ရေးနှင့် ပတ်သက်၍ ရုရှားနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေမှုအခြေအနေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်စီများအနေဖြင့် အောက်ခြေတွင် ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေမှန်များကို အချိန် နှင့် တစ်ပြေးညီတင်ပြရန်၊ သတင်းအချက်အလက်များ မှန်ကန်စွာရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ နှင့် ပူးပေါင်းဆွေးနွေးဆောင်ရွက်ကြရန် လိုအပ် သည့်အခြေအနေ၊ ဒေသအလိုက် ဖွင့်လှစ်ထားသည့် စောင့်ကြည့်လူနာလက်ခံစင်တာများနှင့် အတည်ပြု လူနာလက်ခံစင်တာများ၏ လိုအပ်ချက်များကို စောင့်ကြည့်ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ် သည့် အခြေအနေ၊ ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်း များ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းတင်ပြကြသည်။
ထိန်းချုပ်ဆောင်ရွက်ရန်လို
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပို့ဆောင်ဆက်သွယ်ရေးနှင့်ပတ်သက်၍ ရပ်တန့်၍မရဘဲ ပြတ်တောက်မှုမရှိစေရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်း မှုနှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများတွင် ပါဝင် နေသည့် အခြေခံဝန်ထမ်းများ၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဦးစားပေးဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊ ကောလာဟလသတင်းများ ထုတ်လွှင့်နေမှုများကို သတင်းမှန်ပြန်ကြားရုံသာမက သတင်းမှားထုတ်လွှင့်သည့် သတင်းဌာနများကိုပါ ပြင်းထန်စွာ တုံ့ပြန်ကန့်ကွက်သွားရန်လိုအပ်မည် ဖြစ်ကြောင်း၊ ဈေးကွက်အတွင်း ဆေးဝါးများအား ပုံမှန်ထက် ပိုမို၍ဈေးတင်ရောင်းချနေသည့် အခြေ အနေများကို ထိန်းချုပ်ဆောင်ရွက်ရန် လိုကြောင်း၊ ပြည်ပမှဝင်ရောက်လာသည့် Oxygen များကို စနစ် တကျ ထိန်းသိမ်း၍ ဖြန့်ဝေပေးနိုင်ရေးအတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လိုအပ်နေသည့် Test kit များကို တပ်မတော်ရဟတ်ယာဉ်ဖြင့် အမြန်ဆုံးပို့ဆောင်ပေး သွားရန်လိုကြောင်း၊ ဟိုတယ် Quarantine များ အတွက် လိုအပ်သည့် SOP ကို တိတိကျကျ ထုတ်ပြန် ပေးသွားရန်နှင့် လုံလောက်သည့် ဆေးအကာအကွယ် နှင့် အောက်ဆီဂျင်ရရှိရေးအတွက် ဌာနများ အချင်းချင်း ပေါင်းစပ်ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ကြောင်း၊ ရောက်ရှိလာသည့် ကာကွယ်ဆေးများ ထိုးနှံရေးဆောင်ရွက်ရာတွင် First Dose ကို အမြန်ဆုံးထိုးနှံပြီး ထပ်မံရောက်ရှိလာမည့် ကာကွယ် ဆေးများကိုလည်း အချိန်မီထိုးနှံပေးနိုင်ရေး စီမံ ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ် အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိသော်လည်း ၇၀ ရာခိုင်နှုန်း အထိ တိုးမြှင့်ထိုးနှံနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဖြည့်စွက် ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ကာကွယ် ကုသ ထိန်းချုပ်ရေးလုပ်ငန်းများတွင် လူမှုရေးအဖွဲ့ အစည်းများ၊ နိုင်ငံရေးပါတီများသည် လူထုနှင့် ထိတွေ့သည့်အဖွဲ့အစည်းများဖြစ်သဖြင့် နိုင်ငံရေး ရည်မှန်းချက်မပါဘဲ ပရဟိတစိတ်ဓာတ်ဖြင့် ပါဝင် ကူညီဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပြီး အခြား လူမှုရေးအဖွဲ့အစည်းများအနေဖြင့်လည်း ရောဂါ ကာကွယ်ရေးဆိုင်ရာများ၊ အသိပညာပေးမှုဆိုင်ရာ များတွင် ဝိုင်းဝန်းပါဝင်ဆောင်ရွက်မည်ဆိုပါက ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ရောဂါ ကာကွယ်ကုသရေးနှင့် ပတ်သက်၍ အချို့သော ကုသရေးစင်တာများ၊ ဆေးရုံဆေးခန်းများနှင့် ဆက်သွယ်နိုင်ရေး ကြေညာထားသည့် ဖုန်းနံပါတ်များ သည် အကြောင်းအမျိုးမျိုးကြောင့် အကူအညီ လိုအပ်၍ ဆက်သွယ်ပါက ဆက်သွယ်၍ မရကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ် ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်း။
Quarantine စင်တာများနှင့် ပတ်သက်၍ တပ်မတော်နှင့် အရပ်ဘက်တို့တွင် စုစုပေါင်း ၂၃၂၇ နေရာဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ Quarantine စင်တာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ သာမက တပ်မတော်မှဆေးမှူး ပါရဂူများအပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း အင်အား ၃၀၀၀၀ ကျော်ဖြင့် ဆေးအကာအကွယ်ပေးဆောင်ရွက်လျက် ရှိကြောင်း၊ ဒေသအလိုက် Quarantine စင်တာများ ထပ်မံဖွင့်လှစ်ရန်လိုအပ်ပါကလည်း ဗဟိုသို့ တင်ပြ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အတည်ပြုလူနာ များ ထားရှိသည့်နေရာများကိုလည်း ပြည်သူများမှ အလွယ်တကူသိရှိစေရန်အတွက် တာဝန်ရှိသူများက လမ်းညွှန်ပေးနေရန်လိုအပ်ကြောင်း၊ ကိုဗစ် ပထမ လှိုင်းနှင့် ဒုတိယလှိုင်း ကူးစက်ဖြစ်ပွားမှုတို့တွင် လူသေဆုံးမှု နှစ်ရာခိုင်နှုန်းကျော်ခန့်သာရှိခဲ့ပြီး လက်ရှိ ဖြစ်ပွားလျက်ရှိသည့် တတိယလှိုင်းတွင် ၂ ဒသမ ၃၄၆ ရာခိုင်နှုန်းမျှသာရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရောဂါကြောင့် ကွယ်လွန်သွားသူများကိုလည်း စနစ် တကျ သင်္ဂြိုဟ်ပေးသွားရန် လိုအပ်ကြောင်း၊ သင်္ဂြိုဟ် ရေးလုပ်ဆောင်ရသည့် ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ အနေဖြင့်လည်း ကာကွယ်ရေးပစ္စည်းများကို ပြည့်စုံစွာ ဝတ်ဆင်၍ ရောဂါထပ်မံကူးစက်ပြန့်ပွားမှု မရှိစေရေး အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း။
လူမှုကွန်ရက်စာမျက်နှာများတွင် ကိုဗစ်ကြောင့် ဖြစ်ပေါ်နေမှုများကို နိုင်ငံရေးအရ အသုံးချမှုများရှိနေ သည့်အတွက် သင့်လျော်မှုမရှိသည်ကို ပြောကြားလို ကြောင်း၊ ဆေးရုံအသီးသီးတွင် အောက်ဆီဂျင် လုံလောက်မှုရှိနေရန် လိုအပ်မည်ဖြစ်ပြီး အောက်ဆီဂျင် များ အမြဲပေးဝေနိုင်ရေး လည်ပတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ဆေးရုံအသီးသီးရှိအောက်ဆီဂျင် အိုးများ၊ Oxygen plant များ၏ system များကိုလည်း အမြဲမပြတ် စစ်ဆေးဆောင်ရွက်နေရန် လိုအပ်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကျန်းမာရေးဝန်ထမ်းများ၏ တာဝန် ထမ်းဆောင်မှု အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် “ဒီမှာရှိနေတဲ့ဆရာဝန်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့လည်း စိတ်ဓာတ်ချမ်းမြေ့စွာ လုပ်နိုင်ဖို့လည်းလိုပါတယ်။ သူတို့ကိုလည်း အားပေး ပါတယ်၊ အသိအမှတ်လည်း ပြုပါတယ်။ တချို့ဆေးရုံ တွေမှာကျတော့ ဆရာဝန်တစ်ယောက်စ နှစ်ယောက် စရှိတယ်၊ တချို့ဆေးရုံတွေမှာကျတော့ဆရာဝန် လေး၊ ငါး၊ ခြောက်ယောက်ရှိတယ်။ ဒီဘက်ဆေးရုံက မဟုတ်တော့ ဟိုဘက်ဆေးရုံကဆိုပြီး ကိုယ်နဲ့မဆိုင် ဘူးဆိုပြီးသွားလုပ်လို့မရဘူး။ သက်ဆိုင်ရာပြည်နယ် နှင့်တိုင်း ကျန်းမာရေးမှူးတွေနဲ့ ညှိနှိုင်းပြီးတော့မှ သူတို့ကို ဒီဆေးရုံတော့သွားလုပ်ပေးပါ။ သွားလုပ်လို့ ရပါတယ်။ မလုပ်နိုင်စရာအကြောင်းလည်းမရှိဘူး၊ ငြင်းမှာလည်းမဟုတ်ဘူး။ ကျွန်တော်တို့ စီမံပေးဖို့ပဲ လိုပါတယ်။ တချို့ဆေးရုံတွေမှာ လူနာများပြီး ဆရာဝန်ကနည်းနေတယ်။ ဆရာဝန်မရှိဘူးမဟုတ်ဘူး ရှိတယ်၊ နည်းနေတယ်။ အဲ့ဒီတော့ ဆရာဝန်များနေတဲ့ နေရာကနေပြီးတော့ မျှပြီးတော့ ထည့်ပေးတတ်ဖို့ အတွက် စီမံခန့်ခွဲရေးနည်းလမ်းအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းပါ။ စီမံခန့်ခွဲမှုကောင်းလို့ရှိရင် လုပ်ငန်းတစ်ခုကို အဆင်ပြေပြေဆောင်ရွက်နိုင်မယ်။ စီမံခန့်ခွဲမှုကောင်းအောင်လုပ်နိုင်ခြင်းဆိုတာလည်း စုပေါင်းတိုင်ပင်ပြီးလုပ်တာ ကောင်းပါတယ်။ တစ်ယောက်တည်းလုပ်နေလို့မရဘူး၊ စုပေါင်း တိုင်ပင်ပြီး လုပ်တာပဲကောင်းတယ်။ ဒီကိစ္စသည်လည်း စီမံခန့်ခွဲမှုကောင်းအောင် စုပေါင်းလုပ်ရုံတင်မဟုတ်ဘဲ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း လိုတယ်။ ဒီကြားထဲမှာလည်း ကြားဖြတ်လုပ်ရမယ့် ဆက်သွယ်ရမယ့်အဖွဲ့အစည်းက ဘာလဲဆိုတော့ စောစောက ကျွန်တော်ပြောတဲ့ လူမှုရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီတွေပဲ၊ သူတို့ကနေပြီးတော့ ပြည်သူနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကြားထဲမှာ ပေါင်းစပ် ပေးဖို့လိုတယ်။ ဒီလိုပေါင်းစပ်ပေးမယ်ဆိုရင် လုပ်ငန်း က များများ Function ဖြစ်ပါတယ်။ ဒါကိုလည်း အားပေးဆောင်ရွက်ကြဖို့ ပြောလိုပါတယ်” ဟု ပြောကြားသည်။
ဆက်လက်ပြီး ယနေ့မှစ၍ ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်သဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများ က သွားရောက်ကြည့်ရှု၍ ဆွမ်း၊ ကွမ်းမှအစ အဆင် ပြေအောင် ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ မိမိတို့၏ ဘာသာသာသနာအား အဆက်မပြတ်အောင် အလေးထားဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အခြားဘာသာရေးကျောင်းများ၏ လိုအပ်ချက်များကိုလည်း ကြည့်ရှုဆောင်ရွက် ပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်