ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးဆိုင်ရာ ဆေးဝါးများနှင့် ဆေးပစ္စည်းများကို ပြခန်းပေါင်း ၃၀ ဖြင့် လက်လီ/လက်ကား ခင်းကျင်းပြသ ရောင်းချပေး

ရန်ကုန်      ဩဂုတ်   ၁၆


ကိုဗစ်-၁၉  ကူးစက်ရောဂါ ကာကွယ်၊  ကုသရေးနှင့် သက်ဆိုင်သော ဆေးဝါးများနှင့်  ဆေးပစ္စည်းများ ဝယ်ယူရန်လိုအပ်နေကြသည့် ပြည်သူများ အဆင်ပြေ ကြစေရန်အတွက်    စားသုံးသူရေးရာဦးစီးဌာနနှင့်  မြန်မာနိုင်ငံ  ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍   ကိုဗစ်-၁၉  ကူးစက်ရောဂါ ကုသရေးဆေးဝါးများအပါအဝင်  အခြားအိမ်သုံး ဆေးဝါးများကို     အလုံမြို့နယ်     ကမ်းနားလမ်း လွတ်လပ်ရေးရပ်ကွက် (ကွင်းချောင်းမီးပွိုင့်အနီး) ၌ ပြခန်းများဖြင့် ယနေ့မှစတင်ကာ လက်လီ/လက်ကား ခင်းကျင်းပြသရောင်းချပေးလျက်ရှိသည်။


စျေးနှုန်းမှန်ကန်စေရေး


အရည်အသွေးမှန်ကန်စိတ်ချကောင်းမွန်သည့် ဆေးဝါးများကို တစ်နေရာတည်းတွင် တစုတစည်း တည်း   လိုအပ်သလို   ရှာဖွေဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍  ပထမအဆင့်အနေဖြင့်   အလုံမြို့နယ်တွင် လက်လီ/လက်ကား  စတင်ခင်းကျင်းပြသရောင်းချ ပေးနေခြင်းဖြစ်ပြီး    စျေးကွက်အတွင်း၌   ဆေးနှင့် ဆေးပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်  အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးနှင့်  ပြည်သူများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် မြန်မာ နိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ အသင်းဝင်ကုမ္ပဏီများက     “အိမ်သုံးဆေးဝါးများ လက်လီ/လက်ကား ရောင်းချခြင်းအစီအစဉ်”ကို စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေးဌာနပိုင် နေရာ၌    ဖွင့်လှစ်ရောင်းချနေခြင်းဖြစ်ရာ  အစား အသောက်နှင့်   ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  ဆေးဝါး တင်သွင်းခွင့်မှတ်ပုံတင်လက်မှတ် (DIAC) ရရှိထား ကြသည့်   အသင်းဝင်ကုမ္ပဏီများက  ခင်းကျင်းပြသ ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။ 


အဆိုပါ   ဆေးဝါးများ   လက်လီ/လက်ကား ရောင်းချသည့်အစီအစဉ်၌   ကိုဗစ်-၁၉   ကူးစက် ရောဂါ   ကာကွယ်၊   ကုသရေးနှင့်သက်ဆိုင်သော ဆေးဝါးများအပါအဝင်   အခြား  အားဆေးများနှင့် ဆေးပစ္စည်း အမျိုးအစားပေါင်း ၂၅၀ နှင့် ၃၀၀ ကြား ကို အသင်းဝင်ကုမ္ပဏီပေါင်း ၃၀ မှ ပြခန်းပေါင်း ၃၀  ဖြင့် ယနေ့မွန်းလွဲ  ၁  နာရီကစတင်၍  ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိသည်။  ပထမ အဆင့်အနေဖြင့်   အင်္ဂါနေ့မှ  သောကြာနေ့အထိကို   နေ့စဉ်   နံနက် ၁၀ နာရီမှ  ညနေ  ၄  နာရီအထိ  ခင်းကျင်းပြသ   ရောင်းချပေးရန်   စီစဉ်ထားကြောင်း    မြန်မာနိုင်ငံ ဆေးနှင့်     ဆေးပစ္စည်း    လုပ်ငန်းရှင်များအသင်း   ဗဟိုအလုပ်အမှုဆောင်    ဒေါက်တာဝင်းမော်ဖြိုးထံမှ သိရသည်။ 


“ပြပွဲမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ဆေးဆိုတာထက် ကုသတဲ့ဆေးတွေ   ပိုများမယ်။   နောက် ကိုဗစ်-၁၉ ရောဂါနဲ့မပတ်သက်တဲ့ အခြား သော အားဆေးတွေလည်း    အများကြီးခင်းကျင်းပြသ ထားပါတယ်။ ပထမအဆင့်အနေနဲ့တော့ အင်္ဂါနေ့မှ သောကြာနေ့အထိ      ခင်းကျင်းပြသရောင်းချဖို့ စီစဉ်ထားပြီး ဝယ်လိုအားနဲ့ရောင်းချတဲ့အခြေအနေပေါ်မူတည်ပြီးတော့  ရက်ထပ်တိုးမယ်၊  မတိုးဘူး ဆိုတာကိုလည်း အလုပ်အမှုဆောင်အစည်းအဝေးက  ဆုံးဖြတ်ပြီး ကြိုတင်အသိပေးမှာဖြစ်သလို အသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ   ကြိုတင်အသိပေး ကြေညာပေးမှာလည်းဖြစ်ပါတယ်။ လောလောဆယ် အနေအထားမှာ    ဆေးဝါးနဲ့   ဆေးပစ္စည်းတွေကို မှန်ကန်တဲ့     ကုမ္ပဏီတွေက     မှန်ကန်တဲ့တိုက်ရိုက် စျေးနှုန်းနဲ့ ခင်းကျင်းပြသရောင်းချပေးနေတာလည်း ဖြစ်ပါတယ်”ဟု ဗဟိုအလုပ်အမှုဆောင်  ဒေါက်တာ  ဝင်းမော်ဖြိုးက ပြောကြားသည်။


ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊  ကုသရေး နှင့် သက်ဆိုင်သော ဆေးဝါးနှင့်ဆေးပစ္စည်းများကို ပန်းဘဲတန်းမြို့နယ် ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာနနေရာ၌       ဒုတိယအဆင့်အနေဖြင့်  ယခုလအတွင်း ဖွင့်လှစ်ခင်းကျင်းပြသနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိသောကြောင့် ပြပွဲစတင်ခင်းကျင်း ပြသမည့်ရက်ကို     ကြိုတင်အသိပေးကြေညာပေး သွားမည်ဖြစ်ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၌   ပြည်တွင်း ကုမ္ပဏီ ၊ ပြည်ပကုမ္ပဏီနှင့် တစ်သီးပုဂ္ဂလအသင်းဝင် ပေါင်း  ၁၀၅၀ ရှိကြောင်း   မြန်မာနိုင်ငံ    ဆေးနှင့်       ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။


သတင်း- ပွင့်သစ္စာ
 ဓာတ်ပုံ- စိုးမြင့်အောင်