
နေပြည်တော် စက်တင်ဘာ ၃၀
စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ်အတွင်းရှိ KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူများ စီနင်းလိုက်ပါလာသည့် အရပ်ဘက် လေယာဉ်တစ်စင်း ကို လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက်ပါအတိုင်း ပြောကြားခဲ့သည်။
“ကယားပြည်နယ်မှာ အရင်ကတည်းက KNPP အကြမ်းဖက် သောင်းကျန်းသူအဖွဲ့နဲ့ PDF အဖွဲ့ပေါင်းပြီး လွိုင်ကော်မြို့ထဲမှာ မငြိမ်မသက်ဖြစ်အောင်၊ တိုက်ပွဲတွေဖြစ်အောင် ဆောင်ရွက်ခဲ့တာရှိ တယ်။ တပ်မတော်အနေနဲ့ လုံခြုံရေးအရ ဆောင်ရွက်ပြီးတဲ့အခါမှာ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေနဲ့ KNPP အဖွဲ့တို့ဟာ လွိုင်ကော် မြို့ကို နှောင့်ယှက်ပစ်ခတ်တာ၊ လွိုင်ကော်လေယာဉ်ကွင်းနား နှောင့်ယှက်ပစ်ခတ်တာတို့ကို လစ်ရင်လစ်သလို အဆက်မပြတ် ဆောင်ရွက်လေ့ရှိတယ်။ ဒီနေ့မှာတော့ ရန်ကုန် - နေပြည်တော် - လွိုင်ကော် - ရန်ကုန် ခရီးစဉ်ပြေးဆွဲနေတဲ့ မြန်မာ့အမျိုးသား လေကြောင်းလိုင်းက လေယာဉ်အမှတ် XY-AML လေယာဉ်က ၈ နာရီ ၄၅ မိနစ်ခန့်မှာ လွိုင်ကော်လေဆိပ်ကို ဆင်းဖို့လုပ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၆၃ ဦး ပါပါတယ်။ ကျွန်တော်တို့အနေနဲ့ လွိုင်ကော်နဲ့ ခရီးစဉ်အဆက်မပြတ် ပြေးဆွဲနိုင်ရေး ခရီးသွားလုပ်သား ပြည်သူများ ခရီးသွားလာမှု လွယ်ကူစေရေးအတွက် လေဆိပ်အနီး တစ်ဝိုက်မှာ လုံခြုံရေးတွေယူပြီး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ လေယာဉ်ဆင်းသက်မယ်ဆိုရင် ဆင်းသက်မှုအဆင့်များအတိုင်း ပြေးလမ်းကို ချဉ်းကပ်ရတာရှိတယ်၊ ကွင်းကို ပတ်ရတာ ရှိတယ်။ လေယာဉ်ဆင်းသက်မှုအတိုင်း လုပ်ဆောင်နေချိန် လေယာဉ် ပြေးလမ်းရဲ့ မြောက်ဘက်လောက်မှာ KNPP, PDF အကြမ်းဖက် အဖွဲ့တွေက လေယာဉ်ကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာရှိပါ တယ်။ ပစ်ခတ်မှုကြောင့် လေယာဉ်ဘယ်ဘက် ဝမ်းဗိုက်ပိုင်းမှာ လက်နက်ငယ်ကျည် ထိမှန်ခဲ့တာရှိတယ်။ လက်နက်ငယ်ကျည်က လေယာဉ်ဝမ်းဗိုက်ပိုင်းကို ဖောက်ထွက်ပြီး လေယာဉ်ပေါ်မှာရှိတဲ့ ခုံအမှတ် ၁၈ - A မှာ စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တစ်ယောက်ရဲ့ ညာဘက်ပါးကို ထိခိုက်ခဲ့တာရှိပါတယ်။ (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
“လေယာဉ်ထိခိုက်ခဲ့တာရှိသော်လည်း လေယာဉ်အမှုထမ်းတွေရဲ့ ကြိုးစား ဆင်းသက်မှုကြောင့် လေယာဉ်က လွိုင်ကော်လေဆိပ်မှာ အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပါတယ်။ ခရီးသည်ကိုလည်း လွိုင်ကော် မှာရှိတဲ့ ပြည်သူ့ဆေးရုံမှာ ကုသပေးလျက်ရှိပါတယ်။ လေယာဉ်က တော့ လိုအပ်တဲ့ ပြုပြင်မှုတွေပြုလုပ်ပြီး လွိုင်ကော်ကနေ မနက်ပိုင်း မှာပဲ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ ခရီးသည်လေယာဉ်ကို ဒီလို လုပ်ဆောင်တာဟာ စစ်ရာဇဝတ်မှု၊ ရာဇဝတ်မှုတွေကို ကျူးလွန် ခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးနဲ့ အေးချမ်းသာယာရေးကို လိုလားတဲ့ ပြည်သူလူထုရော၊ အဖွဲ့အစည်းတွေအနေနဲ့ပါ ဒီကိစ္စကို ဝိုင်းဝန်း ရှုတ်ချဖို့လိုပါတယ်။ လေယာဉ်တစ်ခုခုဖြစ်သွားရင် ခရီးသွားပြည်သူ များပဲ ဒုက္ခရောက်မှာဖြစ်ပါတယ်။ ဒေသခံပြည်သူလူထုရဲ့ ဆက်သွယ် ရေးလမ်းကြောင်းကို ဖြတ်တောက်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ မနက်ပိုင်းကတည်းကပဲ အချိန်မီသတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။ တချို့ Online ပေါ်မှာ မသမာသူတွေက လေယာဉ်နဲ့ ပတ်သက်ပြီး ကောလာဟလသတင်းမျိုးစုံ ထုတ်လွှင့်နေတာရှိပါ တယ်။ တပ်မတော်နဲ့ ဒေသခံလုံခြုံရေးအဖွဲ့တွေ အနေနဲ့ကတော့ ခရီးသွားလာမှု မပြတ်တောက်စေရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သောင်းကျန်းသူများ ခိုအောင်းနိုင်တဲ့နေရာတွေကို လိုက်လံရှင်းလင်းလျက်ရှိပါတယ်” ဟု ပြောကြားသည်။