ခရီးသွားကဏ္ဍနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည့် ချောင်းဝတံတားတည်ဆောက်မှု ၈၃ ရာခိုင်နှုန်းပြီးစီး

 

ရန်ကုန်    ဧပြီ   ၂၇


ခရီးသွားကဏ္ဍနှင့် ဒေသခံတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည့်  ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ရှိ  ငရုတ်ကောင်းမြို့မှ ဂေါ်ရင်ဂျီ ကျွန်း၊ ကြွေချိုင်သို့    ဆက်သွယ်တည်ဆောက်နေသော ချောင်းဝတံတားတည်ဆောက်မှု   ၈၃   ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တံတားဦးစီးဌာန တံတား အထူးအဖွဲ့(၁၆)မှ သိရသည်။

 


အဆိုပါချောင်းဝတံတားကို ၂၀၂၀ ပြည့်နှစ် မတ် ၁ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး တံတားအရှည် မှာ ပေ ၁၂၈၀ ရှိ၍ တံတားအမျိုးအစားမှာ အောက်ခံ အုတ်မြစ် Bored Pile၊  တံတားကိုယ်ထည်  RC Concreteနှင့် တံတားအပေါ်ထည် P.C Girder,RC Girder & RC Slab အမျိုးအစားဖြစ်ကာ ယာဉ်သွား လမ်းအကျယ် ၂၄ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ၇၈ ဒသမ ၇၄၄  ပေနှင့် ရေလမ်းကင်းလွတ်အမြင့် ပေ ၄၀ ဖြင့်   တည်ဆောက်လျက်ရှိပြီး တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်    တည်ဆောက်ခြင်းဖြစ် ကြောင်း သိရသည်။  

 


“ကျွန်တော်တို့ တည်ဆောက် နေတဲ့  ငရုတ်ကောင်း - ဂေါ်ရင်ဂျီ ကျွန်းလမ်းပိုင်းဟာ ချောင်းဝမြစ် ကိုဖြတ်ပြီး  တည်ဆောက်နေတာ ဖြစ်ပါတယ်။ တံတားကြီး ပြီးသွား ရင်  ဒေသခံတွေအတွက်   အလုပ် အကိုင်အခွင့်လမ်းများစွာ     ပိုမို ရရှိလာမှာပါ။  ဂေါ်ရင်ဂျီကျွန်းကို အလွယ်တကူ   သွားလာနိုင်ပြီ ဖြစ်တဲ့အတွက် အပန်းဖြေခရီးသွား ကဏ္ဍ ဖွံ့ဖြိုးလာမှာဖြစ်ပြီး မြို့နယ် အတွင်းမှာရှိတဲ့ ကြွေချိုင်၊ နံသာဖူး၊ နတ်မှော်၊   ရေကျော်၊   သဲဖြူ၊ ကမ်းခြေဦး၊   ကွင်းဘက်၊   မိုး တစ်မျှဉ်နဲ့ စပါးကြီး စတဲ့ကျေးရွာ များမှာနေထိုင်ကြတဲ့    ဒေသခံ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ ဟာ ပြောင်းလဲတိုးတက်လာမှာပါ။ ကျန်းမာရေးအတွက်ဆိုရင်လည်း ငရုတ်ကောင်း   တိုက်နယ်ဆေးရုံ ကို   အချိန်အခါမရွေး   လွယ်ကူ မြန်ဆန်စွာ      သွားရောက်ပြသနိုင် မှာဖြစ်ပါတယ်။    အခု  တံတား တည်ဆောက်မှု  ၈၃  ရာခိုင်နှုန်း ပြီးစီးနေပါပြီ”ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန၏ တံတားအထူးအဖွဲ့(၁၆)မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 


ထို့ပြင် ချောင်းဝတံတားကြီး ပြီးစီးသွားပါက    ငရုတ်ကောင်း-ဆင်မ - ငွေဆောင်   လမ်းပိုင်းကို အသုံးပြု၍    ပုသိမ်မြို့သို့လည်း ကောင်း၊ ငရုတ်ကောင်း - ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင် ယံ-မကျီးပင်-ကျောက်ချွန်-ဂွမြို့ ကမ်းခြေပတ်လမ်းကို  အသုံးပြု၍ ရခိုင်ပြည်နယ်သို့  လည်းကောင်း လွယ်ကူမြန်ဆန်စွာ    ဖြတ်သန်း သွားလာနိုင်မည်ဖြစ်ရာ    ဒေသ ထွက် ကုန်ပစ္စည်းများကို လွယ်ကူ စွာ ဖြန့်ဖြူးပို့ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ 


ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ - ကနူး