
ဘန်ကောက် ဧပြီ ၁
ပြည်တွင်းဝယ်လိုအားနှင့် ပြည်ပခရီးသွား လုပ်ငန်းများ ပြန်လည်ကောင်းမွန်လာမှု ကြောင့် ထိုင်းနိုင်ငံ၏ စက်မှုကဏ္ဍဆိုင်ရာ အညွှန်းကိန်းသည် ၄၇ လတာ ကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ သို့သော် ပို့ကုန်တင်ပို့နိုင်မှု အားနည်းနေခြင်းမှာ စိုးရိမ် ဖွယ်တစ်ခုဖြစ်ကြောင်း စက်မှုလုပ်ငန်းရှင်များ အဖွဲ့က ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် တွင် ပြောကြားခဲ့သည်။ စက်မှုကဏ္ဍဆိုင်ရာ အညွှန်းကိန်းမှာ ဇန်နဝါရီလတွင် ၉၃ ဒသမ ၉ ရှိခဲ့ရာမှ ဖေဖော်ဝါရီတွင် ၉၆ ဒသမ ၂ သို့ တိုးမြှင့်ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါမဖြစ်ပွားမီ ညွှန်းကိန်းအဆင့်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း ထိုင်းစက်မှု လုပ်ငန်းအဖွဲ့ချုပ်က ပြောကြားသည်။
အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံး စီးပွားရေး မောင်းနှင်အားတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍအနေဖြင့်လည်း ယခင် ၂၀၂၂ ခုနှစ်က နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုဦးရေ ၁၁ ဒသမ ၅ သန်းအထက်ကို ကျော်လွန်၍ ယခုနှစ်တွင် ၂၅ သန်းမှ သန်း ၃၀ အကြားရောက်ရှိရန် မျှော်လင့်ထားကြောင်း ထိုင်းအစိုးရက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နယ်စပ်ဝင်/ ထွက်ပေါက်များ ပြန်လည်ဖွင့်လှစ်နေမှုများအပါအဝင် စက်မှု ကုန်ကြမ်းကုန်ကျစရိတ် သက်သာစေမှုများ ကလည်းကောင်းမွန်သည့် ရလဒ်များဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။ စက်မှု ကဏ္ဍညွှန်းကိန်းများအရ စက်မှုလုပ်ငန်း စီမံကိန်းများသည် ယခုနှစ် ဖေဖော်ဝါရီတွင် လည်း တိုးတက်နေခဲ့ပြီး နောင်သုံးလအထိ တိုးတက်ဖွယ်ရှိကြောင်း ပြောသည်။
ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ထိုင်းအစိုးရသစ် မဖွဲ့စည်းမီ အချိန်အထိ စီးပွားရေးအထောက်အပံ့ အစီအစဉ်ကဲ့သို့ ဘတ်ဂျက်ငွေထုတ်ချေးပေး မှုများကို အစိုးရအနေဖြင့် ဆက်လက် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် အစိုးရသစ် ကို ဩဂုတ်တွင် ဖွဲ့စည်းသင့်ကြောင်း ပြောကြားထားသည်။ မေလတွင် ကျင်းပမည့် ထိုင်းအစိုးရ၏ အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်၌လည်း လုထုအတွက် အသုံးစရိတ် များကြောင့် ၎င်းတို့စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှုအပေါ် အဟန့်အတားဖြစ်စေနိုင်မှုကို ရှောင်ရှားပေးရန် ထိုင်းစက်မှုလုပ်ငန်းရှင်များ က အစိုးရသို့ တိုက်တွန်းထားရှိသည်။
ငွေကြေးဖောင်းပွမှုများနှင့် ငွေကြေး မတည်ငြိမ်မှုများ ဖြစ်ပေါ်နေချိန်၊ ကမ္ဘာလုံး ဆိုင်ရာ အတိုးနှုန်းများမြင့်မားနေချိန် ကမ္ဘာ့ ဝယ်လိုအားများလည်း ကျဆင်းနေသကဲ့သို့ ထိုင်းပို့ကုန် လျော့ကျနေမှုများကို စိုးရိမ်နေဆဲ ဖြစ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များက ပြောသည်။ ထိုင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါသည့် ပို့ကုန်တင်ပို့နိုင်မှု သည် ဇန်နဝါရီတွင် လေးလဆက်တိုက် ကျဆင်းနေခြင်း ဖြစ်သည်။ ယခုနှစ်အတွက် ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့နိုင်မှုသည် ယမန်နှစ် နှင့် တန်းတူ (သို့မဟုတ်) ၁ ရာခိုင်နှုန်း လျော့ကျနိုင်သည်ဟု ထိုင်းနိုင်ငံ စက်မှုလုပ်ငန်း အဖွဲ့ချုပ်က မျှော်မှန်းထားခြင်းဖြစ်သည်။