
နေပြည်တော် ဒီဇင်ဘာ ၂၂
၂၀၂၀ ပြည့်နှစ် ခရစ္စမတ်အကြို ဝတ်ပြုခြင်းအစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ နေပြည်တော် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်များကောင်စီက ကြီးမှူး၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့် သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ ခရစ္စမတ် ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ သာသနာရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ခရစ်ယာန်အသင်းအဖွဲ့များမှ ဘာသာရေးခေါင်းဆောင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။
အခမ်းအနားတွင် Ambassadors of Christ Mini- stry(ACM)မှ ဥက္ကဋ္ဌ ဦးဇော်မိုးလတ်က သမ္မာကျမ်းစာ ဖတ်ကြားခြင်း၊ စိန်မိုင်ကယ်ကက်သလစ်အသင်းတော်မှ ဘုန်းတော်ကြီး Fr.စိုးလင်းအောင်က အဖွင့်ဆုတောင်းခြင်း၊ မြန်မာနှစ်ခြင်းခရစ်ယာန်အသင်းတော် သင်းအုပ်ဆရာ၊ သိက္ခာတော်ရဆရာ ဒေါက်တာ ဦးတင်မောင်အေးက မွေးနေ့တော်အကြိုဝတ်ပြုခြင်းအစီအစဉ်၌ အဖွင့်အမှာ စကားပြောကြားခြင်း၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ဇနီး ဒေါက်တာရွှေလွှမ်းက ခရစ္စမတ်ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခြင်းတို့ ဆောင်ရွက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခု အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ခရစ်ယာန်ဘာသာဝင် ဓမ္မမိတ်ဆွေများက သခင်ခရစ်တော်၏ မွေးနေ့တော်ကို ရည်မှန်းပြီး ကျေးဇူးတော်များကို ချီးမွမ်းကြကာ ခရစ်တော် ၏အလိုဆန္ဒနှင့်အညီ လူသားများအားလုံးအပေါ်၌ မေတ္တာ တရားများ ဖြန့်ကြက်ပို့သနေသည့်ကာလဖြစ်ပြီး ဒီဇင်ဘာ လသည် တစ်နှစ်တာ ၁၂ လရှိသည့်အနက် အသာယာ ဆုံး၊ အအေးချမ်းဆုံး၊ အလှပဆုံးသော လတစ်လဖြစ်ပါကြောင်း၊ ယင်းကာလတွင် သခင်ခရစ်တော်သည် လောကလူသား များ၏အပြစ်ကိုခံယူရန် လူ့အဖြစ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ဒီဇင်ဘာလတွင် သခင်ခရစ်တော် ရောက်ရှိခြင်း သည် လာခြင်းကောင်းသော ရောက်ရှိမှုဖြစ်ပါကြောင်း၊ ဥရောပနိုင်ငံများတွင်လည်း ကိုဗစ်-၁၉ ပထမလှိုင်း၊ ဒုတိယ လှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်းနှင့် အသွင်ပြောင်း ဗိုင်းရပ်စ်ပိုး စသည်ဖြင့် အမျိုးမျိုးကြုံတွေ့နေရပြီး ပညာရှင် များကလည်း သုတေသနပြုလုပ်၍ ဖော်ထုတ်လျက် ရှိပါကြောင်း၊ ဥရောပတွင်ရှိသော ဓမ္မမိတ်ဆွေများကလည်း ခရစ္စမတ်နေ့ အခမ်းအနားများကို ယခင်နှစ်များကဲ့သို့ လွတ်လပ်ပျော်ရွှင်စွာဖြင့် ကျင်းပရန် အခွင့်အရေးမရရှိကြ သည့်အတွက် မိမိတို့၏ နေအိမ်အသီးသီးမှာပင် သခင် ခရစ်တော် ချီးမွမ်းခြင်းအခမ်းအနားများ၊ မွေးနေ့တော် အကြို အခမ်းအနားများ ကျင်းပနေကြရသည်ကို ကိုယ်ချင်းစာမိပါကြောင်း။
မြန်မာနိုင်ငံတွင် ခရစ္စမတ်အကြိုဝတ်ပြုခြင်းအခမ်းအနားများကို နေရာ၊ လူဦးရေ ကန့်သတ်ချက်များဖြင့် ကျင်းပခွင့်ပြုထားပြီး ခရစ်ယာန်အသင်းတော်များက ဝတ်ပြု ဆုတောင်းခြင်းအခမ်းအနားများကို အကျဉ်းချုံး လျက် ဘုရားကျောင်း၊ မိမိတို့နေအိမ်များ အတွင်း၌သာ မိသားစုအလိုက် ကျင်းပနေရသည်ကို နားလည်ကိုယ်ချင်းစာ မိပါကြောင်း၊ တစ်ဖက်တွင်လည်း နှစ်ပေါင်း (၇၀)ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော ထာဝရငြိမ်းချမ်းရေး ပြန်လည် ရရှိရန်လည်း နိုင်ငံတော်အကြီးအကဲများက အားသွန် ခွန်စိုက်ကြိုးပမ်းနေကြရသည့် ကာလဖြစ်ပါကြောင်း၊ ခရစ်တော်၏ မွေးနေ့တော်ကာလဖြစ်သည့် ဒီဇင်ဘာလ ရောက်သည့်အချိန်မျိုးတွင် ပြည်ထောင်စုကြီးအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံက ငြိမ်းချမ်းသော သဘောဆန္ဒများ ပေါ်ထွန်းလာသည်ကိုလည်း ဝမ်းမြောက် ဖွယ်တွေ့ရှိရပါကြောင်း။
ယခုထွက်ပေါ်လာသော ငြိမ်းချမ်းရေး ရောင်ခြည်များ သည် ပို၍ပို၍ ခိုင်မာလာအောင်၊ တိုးတက်အားကောင်း လာအောင်၊ တောက်ပလာအောင် ခရစ်ယာန်အသင်းတော် များ ပေါင်းစုံရှိ ဓမ္မမိတ်ဆွေ ညီအစ်ကိုမောင်နှမများကလည်း ထာဝရဘုရားသခင်၏ နာမတော်ထံဆုတောင်းမေတ္တာပို့သ ပေးရန်လည်း အနူးအညွတ်တိုက်တွန်း မေတ္တာရပ်ခံလိုပါ ကြောင်း၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးရရှိနိုင်ရန်အတွက် မဝေးသောကာလဖြစ်ပါကြောင်း၊ အခြေခံကောင်းများသည် လည်း ရရှိနေပြီဖြစ်ပါကြောင်း၊ ယခု ၂၀၂၁ နှစ်သစ်ကာလ အတွင်း ထာဝရငြိမ်းချမ်းရေး၏ ရှေ့ပြေးငြိမ်းချမ်းမှုများ၊ အေးချမ်းမှုများကို မလွဲဧကန် ရရှိလာတော့မည် ဖြစ်ပါ ကြောင်း။
နောက်တစ်ချက်အနေဖြင့် တစ်နှစ်ခန့်ကြာပြီဖြစ်သော ကိုဗစ်-၁၉ ကပ်ရောဂါခံစားနေကြရသည့် ကမ္ဘာပေါ်ရှိ လူသားများ၊ နိုင်ငံများ၊ နိုင်ငံသားများအားလုံး အခက်အခဲ ဒုက္ခများစွာ တွေ့ကြုံနေရပါကြောင်း၊ မိမိတို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင်လည်း အခက်အခဲပေါင်း များစွာကြုံတွေ့နေရပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံတော်အစိုးရ၊ ပြည်နယ်/တိုင်းအစိုးရများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများကလည်း ကောင်းစွာသိရှိနားလည်ပြီး အခြေခံလိုအပ်သော ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ပဲ စသည်များနှင့် ငွေကြေးများ ထောက်ပံ့ လှူဒါန်းကြသည်ကိုလည်း လစဉ်မပြတ် ပြုလုပ်ပေးနေကြပါ ကြောင်း၊ နောက်တစ်ချက်အနေဖြင့် နိုင်ငံအတွင်းရှိ ချမ်းသာ ကြွယ်ဝပြည့်စုံသော လုပ်ငန်းရှင်များကလည်း တတ်အား သမျှ ငွေကြေး၊ ရိက္ခာထောက်ပံ့ခြင်းများအပါအဝင် ကိုဗစ်-၁၉ နှင့်ပတ်သက်သော ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများကို လှူဒါန်းကြခြင်းကိုလည်း ဝမ်းမြောက်ဖွယ် တွေ့မြင်နေရပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသော နိုင်ငံသား များ၏ လှူဒါန်းမှုဒါန၊ သဒ္ဓါတရားများကို အခြားကမ္ဘာ့နိုင်ငံ များမှလည်း အသိအမှတ်ပြုနေကြပါကြောင်း၊ မိမိတို့ ကိုဗစ်-၁၉ ကပ်ရောဂါခံစားနေကြရသော ပြည်သူများကို အတတ်နိုင်ဆုံးရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်နေမှုများသည် သမိုင်းတွင် ကျန်ရစ်မည့် အမျိုးသားရေးကြိုးပမ်းမှုများဟု ပြော၍ရပါကြောင်း။ ကိုဗစ်-၁၉ ကပ်ရောဂါကို မကြာတော့မည့် အချိန်တွင် အောင်မြင်စွာ ဖြတ်ကျော်နိုင်မည်ဟုလည်း ယုံကြည်ပါ ကြောင်း၊ အောင်မြင်စွာဖြတ်ကျော်နိုင်ရန်အတွက် သခင် ခရစ်တော်၏ နာမတော်တွင် ဆုတောင်း မေတ္တာခံယူလျက် ရှိပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မကြာမီအချိန်တွင် ၂၀၂၁ ဟူသည့် နှစ်သစ်သို့ ရောက်ရှိလာတော့မည်ဖြစ်၍ နှစ်သစ်တွင် ပြည်ထောင်စုနိုင်ငံတစ်ဝန်း မှီတင်းနေထိုင်ကြသော နိုင်ငံသား တိုင်းရင်းသားညီအစ်ကို မောင်နှမ၊ ဘာသာ ပေါင်းစုံဓမ္မမိတ်ဆွေများအနေဖြင့် နှစ်သစ်တွင်ကောင်းချီး မင်္ဂလာအဖြာဖြာ ရရှိကြုံတွေ့နိုင်ကြပါစေကြောင်း၊ နှစ်သစ် တွင် အမွန်မြတ်ဆုံးသော တရားများကိုလည်း ရရှိခံစား နိုင်ကြပါစေကြောင်း၊ နှစ်သစ်တွင်ဘုရားသခင်၏ကောင်းချီး ပေးမှုအရ အခက်အခဲအတားအဆီးများ၊ ကပ်ရောဂါဘေး များကိုလည်း အောင်မြင်စွာ ကျော်လွှားနိုင်သောပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေကြောင်း၊ ပြည်ထောင်စုကြီးလည်း အေးချမ်းသာယာပါစေကြောင်း၊ ဘာသာအားလုံးသည် လည်း ချစ်ခင်ရင်းနှီးစွာဖြင့် အတူလက်တွဲပြီး ပြည်ထောင်စု ကြီး၏အကျိုး၊ ဘာသာသာသနာအသီးသီး၏အကျိုးများကို သယ်ပိုးထမ်းရွက်နိုင်ကြပါစေကြောင်း အလေးအနက်ထား ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ချင်းနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဒေါက်တာ တိမောသေပါဟရန်းက နိုင်ငံတော်အတွက် အထူးဆုတောင်းမေတ္တာပို့သခြင်း၊ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်များကောင်စီမှ ဒုတိယ ဥက္ကဋ္ဌ၊ သိက္ခာတော်ရဆရာ စောရွှေလင်းက ခရစ္စမတ်တရား ဒေသနာဟောကြားခြင်းနှင့် အခမ်းအနားသို့ တက်ရောက် လာကြသည့် ပုဂ္ဂိုလ်များက ဓမ္မသီချင်း၊ Merry Christmas သီချင်းများ သီဆိုခြင်း၊ ကောင်းချီးပေးခြင်းတို့ကို အစီအစဉ် အတိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်