ခန္တီးမြို့ မိုးစပါးစံပြကွက်ရိတ်သိမ်းမှုမှ ၁၂၈ တင်းနှုန်းထွက်ရှိ

 

ခန္တီး  နိုဝင်ဘာ  ၁၉


စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာန၏ မိုးစပါး တစ်ဧကတင်း ၁၀၀ ထွက်ရှိရေး စံပြကွက်၌ ၀ ဒသမ ၁ ဧက စံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ပေါမိုင်းအုပ်စု သာစည်ရပ်ကွက်ရှိ တောင်သူ တစ်ဦး၏ စံပြကွက်၌ ပြုလုပ်သည်။ 

 


စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးထွန်းဝေက ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးတစ်ဧက တင်း ၁၀၀  ထွက်ရှိရေးစံပြကွက်  ၁၀  ဧက စိုက်ပျိုးခဲ့ပြီး ယခု တစ်ဧကအထွက်နှုန်းခန့်မှန်း  သိရှိနိုင်ရန် ၆၆ ပေပတ်လည် ၀ ဒသမ ၁ ဧက စံကွက်ရိတ်သိမ်းခြင်းဖြစ်ကြောင်း    ပြောကြား ၍   စိုက်ပျိုးရေးဦးစီးဌာနမှ  ဝန်ထမ်းများက မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက် နှုန်း ၁၂၈ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

 


အဆိုပါစံပြကွက်ကို     စိုက်ပျိုးသည့် ဒေသခံတောင်သူ  ဦးကျော်စံဝင်းက  စိုက်ပျိုး ရေးဦးစီးဌာန၏ လမ်းညွှန်မှုအရ သိပ္ပံနည်းကျ စိုက်နည်းစနစ်များအတိုင်း ပျိုးထောင်စိုက်ပျိုးခဲ့ကြောင်း ပြောကြားသည်။  

ဟန်ထွန်း(အင်းဝ)