ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ပီအက်စ်ဂျီ၊ ဘာစီလိုနာတို့ နိုင်ပွဲရရှိပြီး အေစီမီလန်၊ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ သရေကျ

 

စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့်  ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ် များတွင်   ပီအက်စ်ဂျီ၊ ဘာစီလိုနာတို့  နိုင်ပွဲကိုယ်စီရရှိပြီး အေစီမီလန်၊  အက်သလက်တီကိုမက်ဒရစ်အသင်း တို့ သရေကျခဲ့သည်။ ပီအက်စ်ဂျီနှင့် ဒေါ့မွန်အသင်းပွဲစဉ်ကို နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ   ပီအက်စ် ဂျီက နှစ်ဂိုးပြတ်အနိုင်ရရှိပြီး ချန်ပီယံလိဂ်အဖွင့်မျက်နှာပန်းလှခဲ့သည်။    


ဒေါ့မွန်အသင်း၏  တုံ့ပြန်ကစားပုံကောင်းမွန်မှုရှိသော်လည်း   အသင်း စွမ်းဆောင်ရည်ပိုင်း လိုအပ်ချက်များစွာရှိနေသည့်အတွက် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။

 
သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရ


မန်စီးတီးနှင့်   ဆားဘီးယားကလပ်   ရက်စတားအသင်းပွဲစဉ်ကို နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့ရာ မန်စီးတီးအသင်းက  တိုက်စစ် ခြေစွမ်းပြပြီး သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရက်စတားအသင်း သည် အိမ်ရှင်မန်စီးတီးအသင်းဘက်သို့    ထိုးဖောက်တိုက်စစ်ဆင်မှု ပြုလုပ်နိုင်ခြင်းမရှိဘဲ ပြိုင်ဘက်အသင်း၏ ဂိုးကန်သွင်းချက်များကိုသာ ပွဲချိန်အများစု ခုခံကာကွယ်ခဲ့ရသည်။ 


ငါးဂိုးပြတ်အနိုင်ရရှိ


ဘာစီလိုနာနှင့်   ဘယ်လ်ဂျီယံကလပ်   အန့်ဝပ်အသင်းပွဲစဉ်တွင် ဘာစီလိုနာအသင်းက ငါးဂိုးပြတ်အနိုင်ရရှိခဲ့သည်။ အန့်ဝပ်အသင်းသည် ဘာစီလိုနာအသင်းဘက်သို့ ဂိုးကန်သွင်းခွင့် သုံးကြိမ်သာပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် တည့်မတ်မှု တစ်ကြိမ်သာရှိခဲ့သည်။ ဘာစီလိုနာအသင်းက ဂိုးကန်သွင်းမှု ၂၂ ကြိမ်အထိ  ပြုလုပ်နိုင်ခဲ့ပြီး   ဂိုးပေါက်တည့်မတ်မှု ၁၀ ကြိမ်တွင် ငါးကြိမ် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်သည်။ 


အေစီမီလန်နှင့် နယူးကာဆယ်အသင်းပွဲစဉ်ကို စက်တင်ဘာ ၁၉ ရက် ည ၁၁ နာရီ ၁၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ရာ အေစီမီလန်အသင်းက တစ်ဖတ်သတ်ဖိအားပေးကစားနိုင်ခဲ့သော်လည်း    ပြိုင်ဘက်ခံစစ်နှင့် ဂိုးသမား လက်စွမ်းပြသကာကွယ်ထားနိုင်မှုကြောင့်  ဂိုးမရှိ သရေကျခဲ့ သည်။   လာဇီယိုနှင့်    အက်သလက်တီကိုမက်ဒရစ်အသင်းပွဲစဉ်တွင် ပွဲချိန်ပြည့်ခါနီး၌ လာဇီယိုဂိုးသမား  ပရိုဗီဒယ်၏  ခေါင်းတိုက်သွင်းဂိုး ကြောင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။                                                                                                                                  
အောင်ဇော်