
မြစ်ကြီးနား အောက်တိုဘာ ၃
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ၌ ဝိုင်းမော်မြို့နှင့် ကျေးရွာအုပ်စုအတွင်းရှိ ဟင်းသီးဟင်းရွက် တောင်သူ များ၏ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေ အနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းနှင့် ပြည်နယ်၏ ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက် နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အောက်တိုဘာ ၂ ရက်က ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ နံနက် ၈ နာရီ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြစ်ကြီးနားမြို့၊ ရေစင်ဈေး၊ မြို့မဈေးအမှတ် (၁) နှင့် အမှတ် (၂)တို့တွင် ဈေးရောင်း၊ ဈေးဝယ်များနှင့် လမ်းသွား/ လမ်းလာ ပြည်သူများအား နှာခေါင်းစည်း များ ဖြန့်ဝေပေးသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းနားကျေးရွာ၌ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာ အုပ်စုအတွင်းရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူ တောင်သူများနှင့် တွေ့ဆုံပြီး တောင်သူများအနေ ဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများ အသင်း တည်ထောင်ဖွဲ့စည်းပြီးဖြစ်သည့်အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပြီး အပြည့်အဝ ပံ့ပိုးကူညီပေးနိုင် မည်ဖြစ်ကြောင်း တိုက်တွန်း အားပေးစကား ပြောကြားသည်။
ထို့နောက် တောင်သူများ၏ စိုက်ပျိုးရေး နည်းပညာ လိုအပ်ချက်၊ စိုက်ပျိုးရေလုံလောက် ဖူလုံစွာရရှိရေး၊ စိုက်စရိတ်ချေးငွေရရှိရေး၊ စိုက်ခင်း များ၌ လျှပ်စစ်မီးရရှိရေးနှင့် ကုန်ထုတ်လမ်းတံတား များ ဆောင်ရွက်ပေးရေး စသည့် လိုအပ်ချက်များနှင့် ပတ်သက်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ အသင်းအတွက် မတည်ငွေ ကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလာရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် ကချင်ပြည်နယ်၏ ခရီးသွားလာရေးလုပ်ငန်း မြှင့်တင် မှု ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ခရီးသွား လုပ်ငန်းမြှင့်တင်နိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဒေသတွင်း ထူးခြားထင်ရှားသည့် ဧရာဝတီမြစ်ဆုံ၊ ရေခဲတောင် စသည့်အထင်ကရ နေရာများကို ခရီးသွားလာသူများ စိတ်ဝင်စားမှု မြင့်တက်လာစေရေး၊ မီဒီယာများတွင် ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြပါရှိနိုင်ရေး၊ ရေခဲတောင်ခရီးစဉ်များ ဖြစ်သည့် ပူတာအိုဒေသ၊ ပန်ဝါဒေသ၊ ခေါင်လန်ဖူး ဒေသခရီးစဉ်များအပါအဝင် အထင်ကရနေရာများကို ကိုဗစ်-၁၉ ကာလအလွန် ခရီးသွားကဏ္ဍမြင့်တက် လာစေရေး မဟာဗျူဟာစီမံကိန်းများအဖြစ် ကြိုတင် ရေးဆွဲထားရှိရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်း များ အဆက်မပြတ် ပို့ချပေးနိုင်ရေး၊ ဟိုတယ်များ တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက်ထားရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)