ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာ ဧည့်သည်ခေါ် ဘုရားပွဲတော်နှင့် (၄၉)ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲ စည်ကားစွာကျင်းပ

 

ချောင်းဆုံ   ဧပြီ   ၂၃


မွန်ပြည်နယ်  ချောင်းဆုံမြို့နယ်တွင် ရှေးအစဉ်အလာမပျက် ဧည့်သည်ခေါ် ဘုရားပွဲတော်များကို  ဧပြီလဆန်းပိုင်းမှစတင်၍  တစ်ရွာတစ်ရက်ကျင်းပပြီး မွန်တိုင်းရင်းသားတို့၏  ရိုးရာယဉ်ကျေးမှုဓလေ့ဖြစ်သည့်  ဘုရားဖူးနွားလှည်းယဉ်ကျေးမှုကို  ထည့်သွင်းကျင်းပလျက်ရှိသည့်  ကမာမိုကျေးရွာဘုရားပွဲ၌ ဧပြီ ၂၂ ရက် ညနေပိုင်းက (၄၉) ကြိမ်မြောက် ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။  


ကမာမိုကျေးရွာ    ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို  ၁၉၇၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၄၉) ကြိမ်မြောက် ရှိပြီးဖြစ်ကြောင်း၊  လူငယ်မျိုးဆက်သစ်များ မိမိယဉ်ကျေးမှုကို     မြတ်နိုး တန်ဖိုးထားတတ်ရန်အတွက် ရည်ရွယ်၍ ဘုရားဖူးနွားလှည်းယဉ်ကျေးမှု     ပြိုင်ပွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊    ချောင်းဆုံမြို့နယ်အနေဖြင့်  ယခင်ကဆိုလျှင်  မွန်တိုင်းရင်းသားများနေထိုင်သည့်  ရွာတိုင်းနီးပါး ယခုလိုပြိုင်ပွဲကို ကျင်းပခဲ့ပြီး နောက်ပိုင်းတွင်  ကမာမိုတစ်ရွာတည်း သာ ယနေ့အထိ ဆက်လက်ကျင်းပနေခြင်းဖြစ်ကြောင်း ကမာမိုကျေးရွာ  ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကျင်းပရေး       ကော်မတီနာယက အဖွဲ့ဝင် ဦးမင်းမြင့်မောင်လေးက ပြောသည်။


အဆိုပါ ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ပြိုင်ပွဲဝင် ဘုရားဖူး နွားလှည်းယာဉ်လေးစီး ဝင်ရောက်ယှဉ်ပြိုင်ကာ အမှတ်ပေးအဖွဲ့ ငါးဖွဲ့မှ နွား၊ လှည်း၊ ဣန္ဒြေရှိမှု၊  ဝတ်စားဆင်ယင်မှု၊      နေထိုင်မှုအချိုးအစား စသည့်ဖြင့်အမှတ်ပေး၍  ဆုချီးမြှင့်ပေးမည်ဖြစ်ပြီး အဆိုပါ   ဘုရားဖူးနွားလှည်းယဉ်ကျေးမှုပြိုင်ပွဲကို ရပ်ဝေးရပ်နီးမှ  လာရောက်ကြည့်ရှုသူ များဖြင့် စည်ကားလျက်ရှိသည်။                         

 မြို့နယ်(ပြန်/ဆက်)