
နွယ်နီလင်း
၂၀၂၃ ခုနှစ် ဇွန်လမှ ၂၀၂၄ ခုနှစ် မေလအတွင်း ကမ္ဘာ့ ပျမ်းမျှ အပူချိန် သည် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုမရှိသော စက်မှုခေတ်မတိုင်မီ ၁၈၅၀-၁၉၀၀ ပြည့်နှစ်များဆီက ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၆၃ ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာနေကြောင်း ကိုပါးနီးကပ်စ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ဆောင်မှုဌာနမှ အသိပေးထုတ်ပြန် မှုနှင့်အတူ ယခုသီတင်းပတ်ကုန်တွင် အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်း၌ ချစ်ချစ်တောက်ပြင်းထန်လွန်းသည့် အပူ လှိုင်းကြောင့် လူသန်းပေါင်းများစွာ ယင်းအပူဒဏ်ကို ခံစားနေကြ ရသည်။
ပြင်းထန်လှသည့် ငရဲမီးအပူလှိုင်းသည် ယခုနှစ်အတွင်း အမေရိကန် နိုင်ငံအတွက် ပထမဆုံးသော အဓိက အပူလှိုင်းတစ်ခုအဖြစ် ဝင်ရောက် လာခဲ့ပြီး ဒေသအနှံ့ အချို့နေရာများတွင် စံချိန်တင် အပူဆုံးနေ့ရက် များကို ရက်အတော်ကြာအောင် ရင်ဆိုင်နေရသည်။
ဇွန် ၉ ရက်တွင် အနောက်ပိုင်းပြည်နယ်အချို့အတွက် အပူဒဏ် သက်သာရာရမည်ဟု မျှော်လင့်ရသော်လည်း ချစ်ချစ်တောက်အပူချိန် သည် လာမည့် ရက်သတ္တပတ်အတွင်း အရှေ့ဘက်သို့ ရွေ့လျား မည်ဟု ခန့်မှန်းရပြီး တောင်-အလယ်ပိုင်းပြည်နယ်များတွင် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့်အတူ မိုးကြိုးမုန်တိုင်းများကျရောက်မည့် အန္တရာယ်များလည်း ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။
အမေရိကန်ပြည်ထောင်စုရှိ လူပေါင်းခြောက်သန်းကျော်သည် ပြင်းထန်သော အပူချိန်သတိပေးချက်များအောက်တွင် ရောက်ရှိနေ ကြပြီး ဇွန် ၈ ရက်က အပူချိန်သတိပေးချက်များအောက် လူပေါင်း ၂၉ ဒသမ ၇ သန်းနီးပါးအထိ ရောက်ရှိခဲ့ကြောင်း အပူဒဏ်ဆိုင်ရာ အမျိုးသားအဆင့်သတင်းအချက်အလက်စနစ်၏ စစ်တမ်းအရ သိရ သည်။
အပူချိန်စံချိန်သစ်များ ဖြစ်ပေါ်
ကယ်လီဖိုးနီးယား၊ အရီဇိုးနားနှင့် နီဗားဒါးပြည်နယ်တို့ရှိ နေရာ အများအပြားတွင် အပူချိန်စံချိန်သစ်များ ဖြစ်ပေါ်ခဲ့ပြီး အနောက်တောင်ပိုင်းပြည်နယ်အများစုတွင်လည်း ဇွန် ၇ ရက်က အပူချိန်များ မြင့်တက်ခဲ့သည်။ အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်း အရီဇိုးနား ပြည်နယ်၏မြို့တော် ဖီးနစ်၌ ယခုနှစ်တွင် ယင်းမြို့၏ အပူချိန် စံချိန် သစ်အဖြစ် ၁၁၃ ဒီဂရီ ဖာရင်ဟိုက် (၄၅ ဒီဂရီ စင်တီဂရိတ်) အထိ ရောက်ရှိခဲ့သည်။ အမေရိကန်မိုးလေဝသဌာန၏ အဆိုအရ ဤစံချိန် တင်မြင့်မားမှုသည် ညတွင်းချင်းမှာပင် အပူချိန် ၈၅ ဒီဂရီဖာရင်ဟိုက် (၂၉ ဒသမ ၄ ဒီဂရီစင်တီဂရိတ်)အထက် ပျမ်းမျှ ၉ ဒီဂရီဖာရင်ဟိုက် ဖြင့် စံချိန်ချိုးသွားခဲ့သည်။ နီဗားဒါးပြည်နယ်တွင်လည်း ဇွန် ၇ ရက်က အပူချိန်များ စံချိန်တင်ခဲ့သည်။ လာ့စ်ဗီးဂတ်စ်တွင်လည်း အပူချိန် ၁၁၁ ဒီဂရီဖာရင်ဟိုက် (၄၃ ဒသမ ၉ ဒီဂရီစင်တီဂရိတ်) အထိ ရောက်ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်က မှတ်တမ်းတင်ထားသည့် ယခင်စံချိန် ၁၁၀ ဒီဂရီ ဖာရင်ဟိုက် (၄၃ ဒသမ ၃ ဒီဂရီ စင်တီဂရိတ်)ထက် ကျော်လွန်သွားခဲ့သည်။
ထို့ကြောင့် အမေရိကန်အမျိုးသားမိုးလေဝသဌာနက ပြည်သူများ အား ရေဓာတ်ဖြည့်တင်းရန်၊ ပြင်ပအပူချိန်အောက်တွင် ပြင်းပြင်း ထန်ထန် လှုပ်ရှားမှုကို ရှောင်ကြဉ်ရန်နှင့် ဖြစ်နိုင်လျှင် အေးမြသည့်နေရာများတွင်သာနေထိုင်ရန် တိုက်တွန်းထားသည်။ ကားအတွင်းခန်း များ၌လည်း မိနစ်ပိုင်းအတွင်း သေစေတတ်သော အပူချိန်သို့ ရောက်ရှိ နိုင်ကြောင်း အလေးအနက်သတိပေးထားပြီး ကလေး သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များကို ကားများအတွင်း မထားခဲ့ရန်လည်း သတိ ပေးထားသည်။
လွန်ကဲသောအပူချိန်သည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်း ငယ်အတွင်းက မက္ကဆီကိုနိုင်ငံတွင်လည်း ထိခိုက်မှုများဖြစ်ပေါ်စေခဲ့သည့်အပြင် အပူချိန်စံချိန်သစ် မှတ်တမ်းများနှင့်အတူ နိုင်ငံတစ်ဝန်း လူပေါင်းများစွာ အသက်သေဆုံးမှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။
တောမီးအများအပြားလောင်ကျွမ်း
အမေရိကန်နိုင်ငံ၌ ချစ်ချစ်တောက် ငရဲမီးအပူလှိုင်းများကြောင့် ဆိုးရွားပြင်းထန်လှသည့် အကျိုးဆက်များဖြစ်ပေါ်နေပြီး ယခုသီတင်း ပတ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်း တို့တွင် တောမီးအများအပြား လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်နွေရာသီက အမေရိကန်ပြည်ထောင်စု၏ ဒေသ အချို့၌ ပူပြင်းသောအပူချိန်ကို ရက်သတ္တပတ်များစွာခံခဲ့ရပြီး လူပေါင်း ၂၃၀၀ ခန့် စံချိန်တင်သေဆုံးခဲ့ကာ ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၅ ခုနှစ်များ အတွင်းက စံချိန်တင်အပူလှိုင်းများထက် ကျော်လွန်ခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေးဌာန၏ မကြာသေးမီက ထုတ်ပြန်သည့်အချက်အလက် များအရ သိရသည်။ ၂၀၂၃ ခုနှစ်အတွင်း အရီဇိုးနား၊ နယူးမက္ကဆီကို၊ တက္ကဆက်၊ နီဗားဒါးနှင့် ကော်လိုရာဒိုပြည်နယ်တို့တွင် အပူနှင့်ဆက်စပ် သေဆုံးမှု ပိုမိုများပြားခဲ့သည်။
တောမီး၏ အကျိုးဆက်များ
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း အချိန်မတိုင်မီ သေဆုံးသူ ၅၂၀၀၀ ရှိခဲ့ကြောင်း လေ့လာမှုမှတ်တမ်းသစ်တစ်ရပ်ကဆိုသည်။ ၂၀၀၈ ခုနှစ် မှ ၂၀၁၈ ခုနှစ်အတွင်း တောမီးကြောင့် ဖြစ်ပေါ် လာသောအမှုန်အမွှားများ (PM2.5) ကြောင့် ဖြစ်ပေါ်လာသည့် လေထု ညစ်ညမ်းမှုကြောင့် ခန့်မှန်းခြေအားဖြင့် အရွယ်မတိုင်မီသေဆုံးရသည့် လူပေါင်း ၅၂၅၈၀ မှ ၅၅၇၁၀ ရှိပြီး အမေရိကန်ဒေါ်လာ ၄၃၂ ဘီလီယံမှ ၄၅၆ ဘီလီယံအထိ စီးပွားရေးအကျိုးသက်ရောက်မှု ဖြစ်စေခဲ့ကြောင်း ဇွန် ၈ ရက်ကထုတ်ဝေသော သိပ္ပံပညာရပ်ဆိုင်ရာ Science Advances ဂျာနယ်တွင်ဖော်ပြသည့် လေ့လာမှုစစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။
ယင်းကာလအတွင်း တောမီးမှဖြစ်ပေါ်လာသည့် မီးခိုးငွေ့ကြောင့် အချိန်မတိုင်မီသေဆုံးသူ ၉၂၂၄ ဦးခန့်ရှိခဲ့သည့် လော့စ်အိန်ဂျလိစ်သည် ထိခိုက်မှုအပြင်းထန်ဆုံးဖြစ်သည်။ ဆာခရာမန်တိုဒေသတွင် သေဆုံး သူ ၄၁၄၇ ဦး ကျော်ရှိခဲ့ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများ၏ ပြောကြားချက်အရ သိရသည်။ တောမီးများမှ PM2.5 ထိတွေ့မှုသည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံး ရောဂါနှင့် အရွယ်မတိုင်မီ သေဆုံးခြင်းအပါအဝင် ကျန်းမာရေးပြဿနာ အမျိုးမျိုးနှင့် ဆက်စပ်နေသည်။ အဆိုပါလေ့လာမှုသည် ကယ်လီဖိုးနီးယား ရှိ တောမီးကြောင့်ဖြစ်ပေါ်လာသည့် မီးခိုးငွေ့နှင့် ထိတွေ့မှုနှင့် သက်ဆိုင်သော ရေရှည်ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု များကို ပထမဆုံးလေ့လာမှုတစ်ရပ်ဖြစ်ကြောင်း သုတေသီများက ပြောကြားသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုဆိုးရွားလာသော တောမီးလောင် ကျွမ်းမှုများသည် ကယ်လီဖိုးနီးယားပြည်နယ်ရှိ လူဦးရေ သန်း ၄၀ နီးပါးကို တောမီးထိတွေ့မှုအန္တရာယ်မြင့်မားစေသည်ဟု လေ့လာမှုက မှတ်ချက်ပြုပြီး ၎င်း၏ရေရှည်အကျိုးသက်ရောက်မှုများကို လျော့ပါး စေရေး ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် တောင်းဆိုထားသည်။
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြတ်တောက်ရန် အရှိန် အဟုန်ဖြင့် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက စီးပွားရေး ကုန်ကျစရိတ် ဒေါ်လာထရီလီယံနှင့်ချီရှိလာနိုင်ပြီး ပြင်းထန်သော ရာသီဥတုဒဏ်ကြောင့် လူသန်းပေါင်းများစွာ၏ အသက်အိုးအိမ် စည်းစိမ်၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ကျယ်ကျယ် ပြန့်ပြန့် ထိခိုက်ပျက်စီးစေမည်ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသစင်တာ၏ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ကိုဘာရက်ထ်က သတိပေး ပြောကြားလိုက်သည်။
ကိုးကား-ဆင်ဟွာ၊ စီအင်န်အေ