Type

ဆူးငှက်
'ကျွန်ုပ်မှာ မျက်နှာမလိုက်ဘဲ မိမိမှန်သည် ထင်သောဘက်မှ ထောက်ခံရေးသားလိုသော ဆန္ဒပြင်းထန်သူ တစ်ယောက်ဖြစ်သည့် အလျောက် မှန်သည့်ကိစ္စနှင့်ဖြစ်လျှင် မည်သူ မကြိုက်ကြိုက်၊ ကြိုက်ကြိုက် မှန်သည်ကို ဝန်ခံရေးသားလိုသည်။ တိုင်းပြည်စီးပွားရေး စနစ်တွင် လက်ဝဲဝါဒကို သဘောကျစေကာမူ လက်ဝဲသမားများ၌ အမှားများတွေ့လျှင် လည်း ထောက်၍ပြချင်တတ်၏။ ဤကဲ့သို့ ထောက်ပြမိသည့်အတွက်ကြောင့် လက်ဝဲ ဝါဒ အောင်မြင်ရေးအတွက် အနှောင့် အယှက်ဖြစ်သည်ဆိုလျှင်လည်း ကျွန်ုပ် ဂရုမစိုက်။ တိုင်းပြည်၌ လက်ဝဲခေါင်းဆောင် ကြီးများ မှားသည်ထင်လျှင် ဖုံးဖုံးဖိဖိမလုပ် ချင်။ ကျွန်ုပ်လက်လှမ်းမီသလောက် ဖော် ထုတ်တင်ပြရမှ ကျေနပ်တတ်သည်။ ကျွန်ုပ်၌ ပါတီစိတ်ဓာတ်မျိုး၊ ဝါဒစိတ်ဓာတ်မျိုး တတ် နိုင်သမျှ ကင်းအောင်နေချင်တတ်သည်'' ဟု ကိုယ်ယုံကြည်ရာကို ရိုးရိုးရှင်းရှင်း ဒေါင်းဒေါင်းပြေး၊ အချက်ကျကျဖြင့် ရေးသား သော အထက်ပါစာပိုဒ်မှာ ဆရာကြီး ရွှေဥဒေါင်း၏ နာမည်ကျော်သတင်းစာ ခေါင်းကြီးတစ်ခုမှ စာပိုဒ်ဖြစ်၏။
ခွန်အားရှိသောစာ
ဆရာကြီးရွှေဥဒေါင်းသည် ဒိုးဒိုး ဒေါက်ဒေါက်၊ ခိုင်ခိုင်ခံ့ခံ့၊ တည်တည် ကြည်ကြည်ဖြင့် သူ့စာများကို တစ်ဖက်သူ၏ နှလုံးသားသို့ ထိမှန်စေ၏။ ခွန်အားရှိသော စာများအဖြစ် ပရိသတ်ကို ယခုအချိန်ထိ တသသဖြစ်စေခဲ့သည်။ ဆရာကြီး ရွှေဥဒေါင်း၏ မိဘများမှာလည်း လွှတ်ရုံးစာရေးဦးဧရာနှင့် စာတော်ဖတ် တနင်္ဂသီရွာစား ဒေါ်ရွှေတို့ဖြစ် ၏။ အဖေက လွှတ်ရုံးစာရေးနှင့် အမေက ဝိဇယကာရီ၊ ဣန္ဒာဝံသတို့ကို ဖတ်လာသော စာတော်ဖတ်များမို့ ဆရာကြီး၏ ပထမဆုံး ဝတ္ထု 'ရန်ကြီးအောင်' ကို အဖေနှင့် အမေကပင် သူတို့ဘဝင်မကျသော အသုံးအနှုန်းများနှင့် ပတ်သက်၍ ပြင်ဆင်ဖြည့်စွက်ပေးခဲ့ကြသည် ဟု ဆိုသည်။
အသည်းတယားယားစကားများ
တစ်ချိန်က မန္တလေးသားစာရေးဆရာကြီး မြမျိုးလွင်ကို နာမည်ကျော်အင်္ဂလိပ်စာရေး ဆရာကြီး အိပ်ဂျီဝဲလ်စ် မြန်မာပြည်လာစဉ် တွေ့ဆုံသောအခါ ဆရာကြီးမြမျိုးလွင် ရေးသားထုတ်ဝေပြီးသော ဝတ္ထုအရေအတွက် ကို ကြားရ၍ အံ့ဩလက်ဖျားခါရသည်ဟု ဆို ၏။ ထိုခေတ်ကလည်း ဆရာကြီးမြမျိုးလွင်၏ ထွက်သမျှဝတ္ထုတိုင်းကိုလည်း ပရိသတ်က အလုအယက်ဝယ်ယူကြရသည် ဆိုသည်။ ဆရာကြီး၏ဝတ္ထုများ ဤသို့ရောင်းစွံ သည်မှာ ဇာတ်လမ်း၊ ဇာတ်ကွက်ကြောင့် လား...၊ မဟုတ်။ ပရိသတ်အဓိက စွဲမက်သည် မှာ ဆရာ့ဝတ္ထုများမှ ဖွယ်ဖွယ်ရာရာစကား ပြောများကို စွဲမက်နှစ်သက်ကြသည်ဟုဆို သည်။ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးများ တွေ့ကြ၍ နှစ်ဦးအပြန်အလှန် ချိတ်တိတ် တိတ်၊ ရိတ်တိတ်တိတ် အသည်းတယားယား စကားများကို ရေပက်မဝင်ပြောနိုင်၊ ရေးနိုင် သော ကလောင်စွမ်းလည်းရှိသည်။
ဤသို့သော လိပ်ပတ်လည် ဖွယ်ဖွယ်ရာရာ စကားများတွင် ရိုင်းပျသောစကားအသုံး အနှုန်းများမပါဝင်ရုံမက 'ချစ်တယ်' ဟူသော စကားလုံးသို့ပင် မရောက်ဘဲ ယဉ်ကျေး သိမ်မွေ့ နားဝင်သာလှသည်ဆို၏။ ဆရာကြီး မြမျိုးလွင်၏ စာများဤမျှယဉ်ကျေးဖွယ်ဖြစ် သည်မှာ ဆရာ့မိခင်သည် မန္တလေးသူစစ်စစ် ဖြစ်ရုံမက စကားအလွန်တတ်သော အမျိုးသမီးကြီးတစ်ဦးလည်းဖြစ်သည်ဟု ဆိုသည်။
ဖွယ်ဖွယ်ရာရာစကားပြော အရေးအသားများ
စကားပြောသလို စာရေးရာတွင် တစ်မူ ထူးခြားလှသော စာရေးဆရာမကြီး လူထု ဒေါ်အမာ၏မိခင်ကြီး ဒေါ်စုမှာလည်း သူ ကိုယ်တိုင်က စကားပြောကောင်းလှသလို စကားပြောကောင်း၊ စကားပြောတတ်သူများ ကိုလည်း အလွန်သဘောကျကာ ထိုသူများကို အိမ်၌ဧည့်ဝတ်ပြုပြီး သူတို့စကားများကို သဘောကျ နားထောင်တတ်၊ အတုယူတတ် ပြန်လည်ဖောက်သည်ချတတ်သူဟုဆိုသည်။ မိခင်ကြီး ဒေါ်စု၏ပွဲကြည့်အတွေ့အကြုံများကလည်း လူထုဒေါ်အမာအတွက် အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးကဲ့သို့သော စာအုပ်ကြီးများ ပေါ်ထွက်ခဲ့သလို မိခင်ကြီးဒေါ်စု၏ ပြော စကားတိုင်းပါလေ့ရှိသည့် ပုံတိုပတ်စ၊ စကား တို စကားစ၊ ဥပမာ ဥပမေယျများက လူထု ဒေါ်အမာ၏ ဖွယ်ဖွယ်ရာရာ စကားပြော အရေးအသားများအဖြစ် စွဲထင်ကျန်ရစ်စေခဲ့ သည်။
စကားပြောဖွယ်ရာ ယဉ်ကျေးခြင်းမှ
မောင်မောင်ကြီးက သူ့ယောက်ဖ မောင်မောင်သိုက်တီးတဲ့ တီးကွက်တွေကို အားလုံးယူပြီး တီးတာပါပဲ။ ဒါပေမယ့် သူက မောင်မောင်သိုက်ရဲ့အကွက်တွေကို ပြုပြင် ပြီးတီးတာမို့ မောင်မောင်သိုက် ကိုယ်တိုင်က တချို့နေရာများမှာ သူ့အကွက်ထက်သာလွန် ကောင်းမွန်ကြောင်း ဝန်ခံတယ်။ အခုခေတ် စောင်းတီးတဲ့လူတွေဟာ ဘယ်စောင်းသမား မဆို ဒေဝဣန္ဒြာမောင်မောင်ကြီးရဲ့ ပညာ တွေနဲ့ ကင်းပြီးတီးလို့ မရပါဘူး။ မောင်မောင် ကြီးက မောင်မောင်သိုက် တီးတဲ့အကွက်တွေ ကို ယူလိုက်ပေမယ့် -
- ခံ့တဲ့နေရာမှာ ပိုခံ့အောင်တီးလာတယ်။
- တွဲ့တဲ့နေရာမှာ ပိုတွဲ့လာတယ်။
- နွဲ့တဲ့နေရာမှာ ပိုနွဲ့လာတယ်။
- သပ်တဲ့နေရာမှာ ပိုသပ်လာတယ်။
- ရှပ်တဲ့နေရာမှာ ပိုရှပ်တီးတယ်။
- သွက်ရမယ့်နေရာမှာ ပိုသွက်တယ်။
- ဟန်ယူရမယ့်နေရာမှာ ပိုဟန်ယူတယ်။
- အဆိုသမားကို သူကအခင်းတဲ့တီးပြီး ခေါ်ယူတယ်။
- အခေါ်နဲ့အခင်းနဲ့တီးပေးတယ်။''
ဆိုသော အရေးအသားမျိုးသည် စကား ပြောဖွယ်ရာ ယဉ်ကျေးခြင်းမှ ဆင်းသက် လာသော လက္ခဏာများဖြစ်၏။
ထီးသုံးနန်းသုံးလွှတ်တော်သုံး မြန်မာ စကားများ တကယ်တော့ မန္တလေးသူ၊ မန္တလေးသားတိုင်း စကားတတ်သည် မဟုတ် ပေ။ နှုတ်ရေးစကားတတ်ခြင်းကား ပါရမီ ဟုလည်း ခေါ်ရပေမည်။ သို့သော် မန္တလေးသူ၊ မန္တလေးသားများသည် အခြားဒေသမှ လူ များထက် ပိုမိုပေါကြွယ်ဝသော စကားအသုံး အနှုန်းဝေါဟာရများကို ကြားဖူးနားဝရှိသော အခြေအနေကို ရယူထားနိုင်ကြ၏။ ထိုအခြေ အနေမှာ မန္တလေးသည် တစ်ချိန်က တစ်နိုင်ငံ လုံး၏ ရွှေမြို့တော်၊ ထီးစိုက်၊ နန်းစိုက်၊ လွှတ်တော်၊ ရုံးတော်စိုက်ခဲ့သည့် နေရာဖြစ် သည်။ ထို့ကြောင့် ထီးသုံးနန်းသုံးလွှတ်တော် သုံး မြန်မာစကားများကို မန္တလေးတွင် ပီပီ ပြင်ပြင်ကြားသိခဲ့ကြရသည်။ ထို့ပြင် သဘင် ဂီတ၊ သုခုမနှင့် စာပေအနုပညာများလည်း မန္တလေးတွင် စုစည်းညီညွတ် ထွန်းကားခဲ့ သည်။ မြန်မာစကား၊ မြန်မာမှု၊ မြန်မာ ဝေါဟာရများ မန္တလေးတွင် တစုတဝေး ရှိနေသည်။ အညာ၊ အကြေမှ အရပ်ရပ်ဒေသ သုံးစကားများသည် မန္တလေးသို့ ရောက်ရှိလာ သောအခါ ထီးသုံးနန်းသုံး အခံ့အညားစကား လုံးများဖြင့် စစ်ယူပုံပြောင်းကာ ယဉ်ကျေး ဖွယ်ရာသော မန္တလေးစကားအဖြစ် တင် ကျန်ရစ်ခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် အကြေ စကားနှင့် မန္တလေးစကားမတူနိုင်။ အညာ စကားနှင့် မန္တလေးစကားမတူနိုင်..။ ထို့အတူ သရက်၊ မင်းဘူး၊ စကု၊ မကွေး၊ မြင်းခြံ၊ ပခုက္ကူ၊ မုံရွာ၊ ယော၊ ဆော စသော စကားများနှင့် မန္တလေးစကားမတူနိုင်။
ချစ်စေလိုလည်း ခံတွင်းလက်လေးသစ်
ထို့ကြောင့် မန္တလေးသူ မန္တလေးသားများ သည် ထိုအချိန်က အများတကာထက် ပိုမိုဖွယ်ရာ၊ ပိုမိုယဉ်ကျေး၊ ပိုမိုကြွယ်ဝ၊ ပိုမို ခိုင်ခံ့သော မြန်မာစကားများအား စေးစေး ပိုင်ပိုင် ထွေးပိုက်ပိုင်ဆိုင်ခဲ့ကြခြင်းဖြစ်သည်။ စကားလုံးအသုံးနှုန်းသာမက ထီးနှင့်နန်းနှင့် နေခဲ့ရသော မြို့မို့ အပြောအဆို၊ အမူအရာ၊ အနေအထိုင်ကလည်း ယဉ်ကျေးသိမ်မွေ့ခဲ့ ကြခြင်း ဖြစ်၏။
ထိုစဉ်က လူကြီးတစ်ယောက်ပြောစကား ကိုပင် 'အင်း' လိုက်ကာခေါင်းညိတ်ခြင်းကိုက ရိုင်းပျခြင်းအမူအရာဟု သတ်မှတ်ကြသည်။ 'ဟုတ်ကဲ့ပါခင်ဗျ' ၊ ' ဟုတ်ကဲ့ပါရှင့်' ဟု တရို တသေ ပြောဆိုကြသည်။ နှုတ်ဆက်သည်ကို ပင် ' ကျွန်မတို့ ဦးတင်ပါသေးရဲ့၊ ခွင့်ပြုပါဦးရှင့်၊ ပြန်ပါဦးမယ်' ဟု ယဉ်ကျေးဖွယ်ရာပြောဆိုကြ ရသည်။ လူကြီးသူမများက သားသမီးများကို ''ချစ်စေလိုလည်း ခံတွင်းလက်လေးသစ်၊ မုန်းစေလိုလည်း ခံတွင်းလက်လေးသစ်။ ဒီပါးစပ်လက်လေးသစ်လေးနဲ့ ချစ်အောင် လည်း ပြောလို့ရတယ်၊ မုန်းအောင်လည်း ပြောလို့ရတယ်။ ရိုင်းရိုင်းပြောတယ် ဆိုတာ လူမုန်းရှာတာပေါ့။ အပြောမှာ ကိုယ်က မတတ်ရင် တတ်တဲ့သူတွေဆီက အတုခိုးရ တယ်'' ဟု ဆုံးမသွန်သင်လေ့ရှိသည်ဟု ဖတ်မှတ်ဖူးသည်။
ပြောင်းလဲလာသော 'ကမ္ဘာလုံးဆိုင်ရာ' ခေတ်ကြီး၌ မန္တလေးသည် အထနှေးသူပီပီ 'အရှေ့တောင်အာရှလုံးဆိုင်ရာ' ကြားခုလပ် မရောက်မီ အနည်းဆုံး 'ယူနန်နယ်လုံးဆိုင်ရာ' လောက်ဖြင့် ခေတ်မီပြောင်းလဲနေပါပြီ။ ယနေ့ မန္တလေးမှာ ' မန္တလေးစကား' ဆိုတာ နားလည်နိုင်စွမ်း မရှိကြတော့တာလည်း သေချာ၏။ 'မန္တလေးစကား'တဲ့ ဟ ဟ ။ ။
- Log in to post comments