
ကျောက်ဆည် အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်သား၊ ပုသိမ်ကြီးမြို့နယ်များရှိ ကျေးရွာ ၇၈ ရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၇၈၀၀ နှင့် ကျေးရွာ ပြည်သူလူထုထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခဲ့ သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ခရိုင်အတွင်း မြို့နယ်အလိုက် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုမှာ ကျောက်ဆည်မြို့နယ်မှ ကျေးရွာ ၁၅ ရွာ၊ စဉ့်ကိုင်မြို့နယ်မှကျေးရွာ ၁၅ ရွာ၊ တံတားဦး မြို့နယ်မှကျေးရွာ ၁၉ ရွာ၊ မြစ်သားမြို့နယ်မှ ကျေးရွာ ၁၅ ရွာ၊ ပုသိမ်ကြီးမြို့နယ်မှ ကျေးရွာ ၁၄ ရွာ စုစုပေါင်းကျေးရွာ ၇၈ ရွာဖြစ်ပြီး လုပ်ငန်းအမျိုးအစားများမှာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၃ ခု၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ သောက်သုံးရေရရှိရေးလုပ်ငန်းသုံးခု၊ လျှပ်စစ်မီးရရှိရေးလုပ်ငန်းတစ်ခုဖြစ်သည်။
လုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ်သိန်း ၇၈၀၀ နှင့် ကျေးရွာများမှ ပြည်သူလူထု ထည့်ဝင်ငွေကျပ်သိန်း ၅၀၀၀ ကျော်တို့ဖြင့် ကျေးရွာနေပြည်သူများကိုယ်တိုင် ဦးဆောင်၍ ယခုနှစ်ဇန်နဝါရီလအတွင်းက စတင်ဆောင် ရွက်ခဲ့ကြခြင်းဖြစ်သည်။
ခရိုင်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ၂၀၁၅- ၂၀၁၆ ဘဏ္ဍာ နှစ်က Pilot Project အဖြစ် စတင် ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် အထိ ကျေးရွာပေါင်း ၂၉၁ ရွာတွင် ဆောင်ရွက် နိုင်ခဲ့ပြီး နှစ်စဉ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက် ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို စီမံကိန်းခွင့်ပြုရန်ပုံငွေ တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးဝင်းမြင့်က ပြောသည်။
ငြိမ်းသူ