
ကျောက်မဲ အောက်တိုဘာ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်တွင် အထူး ဈေးနှုန်းဖြင့် ရောင်းချနေသည့် စက်သုံးဆီဆိုင် နှစ်ဆိုင်နှင့် ပုံမှန် ဖွင့်လှစ်နေသည့် အခြားဆိုင်များ ကို ယမန်နေ့က မြို့နယ်ဈေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ် ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးသည်။
မြို့နယ် ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့ဖြစ် သည့် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်သုံးဆီ လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများကအထူးဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိသော ကျော်စံ (KS) နှင့် Regency စက်သုံးဆီအရောင်းဆိုင် များအနေဖြင့် သတ်မှတ်ဈေးနှုန်း အတိုင်း ရောင်းချမှု ရှိ/မရှိ၊ အခြင်အတွယ် မှန်ကန်မှုရှိ/မရှိ တို့ကိုလည်းကောင်း၊ အခြား ဆီဆိုင် ငါးဆိုင်ကို စက်သုံးဆီ ပြတ်လပ်မှုရှိ/မရှိ နှင့် ရောင်းချနေ သည့် ဈေးနှုန်းများကို စစ်ဆေး သည်။
ကျောက်မဲမြို့နယ်အတွင်းရှိ အထူးဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိသော စက်သုံးဆီအရောင်း နှစ်ဆိုင်အနေဖြင့် ဓာတ်ဆီ (92-RON) ၁ လီတာလျှင် ငွေကျပ် ၁၁၈၇ နှုန်း၊ ဒီဇယ်ဆီ ၁ လီတာ လျှင် ငွေကျပ် ၁၁၇၇ နှုန်း၊ ပရီမီယမ် ဒီဇယ်ဆီ ၁ လီတာလျှင် ငွေကျပ် ၁၁၈၄ နှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိပြီး အခြား စက်သုံးဆီ အရောင်းဆိုင်များ အနေဖြင့် ဒီဇယ် ၁ လီတာလျှင် ငွေကျပ် ၁၆၀၀၊ ပရီမီယမ် ဒီဇယ် ၁ လီတာလျှင် ငွေကျပ် ၁၆၂၀၊ အောက်တိန်း ၉၂ ၁ လီတာလျှင် ငွေကျပ် ၁၆၃၅နှင့် အောက်တိန်း ၉၅ ကို ၁ လီတာလျှင် ငွေကျပ် ၁၇၀၀ နှုန်းခန့်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)