
မန္တလေး အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အမရပူရမြို့နယ် တွင် ယခုနှစ်မိုးစပါးရာသီ၌ တစ်ဧကလျှင်တင်း ၁၀၀ ထွက်ရှိစေရေးအတွက် ဧက ၁၀၀ စံပြကွက်ကို ရွေးချယ်ပြီး စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဒေါငြိမ်းငြိမ်းဖြိုးက ပြောသည်။
ယခုနှစ် မိုးစပါးရာသီတွင် တစ်ဧကလျှင် တင်း ၁၀၀ ထွက်ရှိရေးအတွက် အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စုရှိ အဆင့်မြင့်စက်မှု လယ်ယာဖော်ထုတ်ထားသည့်နေရာကို ရွေးချယ်ပြီး စိုက်ပျိုးထားရှိကြောင်း၊ ယင်းစံပြကွက်ကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ယခုနှစ်မှ စတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် တောင်သူ ၂၁ ဦးကို ရွေးချယ်ထားရှိပြီး လိုအပ်သော သွင်းအားစုများ ထောက်ပံ့ပေးအပ်ကာ မိုးစပါးတင်း ၁၀၀ ထွက်ရှိစေ ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“အမရပူရမြို့နယ်မှာ နှစ်စဉ်မိုးစပါး၊ နွေစပါး နှစ်ရာသီစိုက်ပျိုးပါတယ်။ ဆည်တော်ကြီးဆည်ရေ သောက်ဧရိယာဖြစ်တဲ့အတွက် ဆည်ရေလည်းရရှိပါ တယ်။ နွေစပါးကတစ်ဧကကို တင်း ၁၀၀ ကျော်ပုံမှန် ထွက်ရှိနေပြီး မိုးစပါးကတော့ ပုံမှန်အထွက်နှုန်းဟာ တစ်ဧကကို ၉၃ ဒသမ ၇၅ တင်းပဲ ထွက်ရှိခဲ့ပါတယ်။ ဒါကြောင့် အခုနှစ်မှာ ညွှန်ကြားချက်တွေနဲ့အညီ တစ်ဧကကို တင်း ၁၀၀ ထွက်ရှိအောင် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဧက ၁၀၀ စံပြ ကွက်ကို ရွေးချယ်ပြီးတော့ တင်း ၁၀၀ ထွက်ရှိရေး အတွက် နည်းပညာများကို စနစ်တကျကူညီ ဆောင်ရွက်ပေးခြင်းနဲ့ သွင်းအားစုများကိုလည်း အချိုးညီအချိန်ကိုက်ထည့်သွင်းပြီး လုပ်ငန်းစဉ် အောင်မြင်အောင် အနီးကပ်ကြီးကြပ်ဆောင်ရွက်သွား မှာပါ။ သြဂုတ်လကနေ စတင်စိုက်ပျိုးခဲ့ပြီးတော့ ဒီဇင်ဘာလကုန်မှာ ရိတ်သိမ်းသွားမှာပါ။ ပျိုးထောင် စိုက်ပျိုးနည်း စနစ်နဲ့စိုက်ပျိုးတာပါ” ဟု ၎င်းက ရှင်းပြသည်။
အမရပူရမြို့နယ်အတွင်း၌ ယခုနှစ် မိုးစပါး ရာသီတွင် တစ်ဧကတင်း ၁၀၀ ထွက်ရှိရေးအတွက် တောင်သူများကိုရွေးချယ်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးချယ်ပြီး တောင်သူများကိုလည်း သင်တန်းများကို စနစ်တကျပေးအပ်ခဲ့ကြောင်း၊ ယင်းဒေသတွင် မိုးရာသီ၌ ဧရာမင်းစပါးမျိုးကို ပုံမှန်စိုက်ပျိုးကြ ကြောင်း၊ ယင်းဧရာမင်းစပါးကိုပင် ပိုမိုပြီး အထွက်နှုန်းတိုးတက်နိုင်ရေးအတွက် နည်းပညာရပ် များပံ့ပိုးကာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်ဧက လျှင် တင်း ၁၀၀ ထွက်ရှိရေး ဆောင်ရွက်မှုများကို အခြားတောင်သူများ လေ့လာကြည့်ရှုနိုင်ရေးအတွက် ကွင်းသရုပ်ပြပွဲများကို ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)