ကျောက်ဆည်မြို့နယ်၌ ချည်မျှင်ရှည်ဝါစိုက်ဧက လျာထားချက်ပြည့်မီရေးအတွက် မျိုးစေ့နှင့် ပံ့ပိုးပစ္စည်းပေးအပ်

 

ကျောက်ဆည်  စက်တင်ဘာ  ၁


ကျောက်ဆည်မြို့နယ်   စိုက်ပျိုး‌ရေးဦးစီးဌာနက    တောင်သူများအား ၂၀၂၂-၂၀၂၃ခုနစ် မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ဧက လျာထားချက် ပြည့်မီ ရေးအတွက် မျိုးစေ့နှင့်ပံ့ပိုးပစ္စည်းပေးအပ်ပွဲကိုယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

 


အဆိုပါအခမ်းအနားသို့  ကျောက်ဆည်ခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ   ဦးအောင်မျိုးသိန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊  ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးချစ်ဆွေဦးနှင့်  ခရိုင်အဆင့်ဌာနဆိုင်ရာ များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း က  တောင်သူလယ်သမားများ၏  လူမှုစီးပွားဘဝ   ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှတစ်စိတ်တစ်ပိုင်းအနေဖြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် စီမံကိန်းသီးနှံများ  လျာထားချက်ပြည့်မီ ရေးအတွက် ပံ့ပိုးရခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားများကလည်း ယခုပံ့ပိုးသော ချည်မျှင်ရှည်ဝါ မျိုးကောင်း၊ မျိုးသန့်များကို အောင်မြင် အောင်   စိုက်ပျိုးထုတ်လုပ်ကြရန်လိုကြောင်း  ဆွေးနွေးပြောကြားသည်။

 


ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသင်းထက်က    တိုင်းဒေသကြီးဦးစီးမှူး၏    ချည်မျှင်ရှည်ဝါ လျာထားချက်ပြည့်မီရေး၊ မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်စေရေး နှင့် ကန်ထရိုက်လယ်ယာစနစ်ဖြင့်  ထုတ်လုပ်နိုင်ရေး၊ ဆောင်းနေကြာ လျာထားစိုက်ဧက ပြည့်မီရေး၊ ဆောင်းနေကြာမျိုးစေ့ထုတ်တောင်သူများ အရည်အသွေးပြည့်မီအောင်  မျိုးထုတ်လုပ်နိုင်ရေး၊  တောင်သူ အချင်းချင်းမျိုးဖလှယ်ရေးနှင့် မျိုးထိန်းသိမ်းထားနိုင်ရေးဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က သီးနှံ မျိုးတစ်ဧက    အထွက်နှုန်းတိုးတက်စေရန်နှင့်  စျေးကွက်ဝင်သည့်  အရည်သွေးကောင်းသီးနှံများ  စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက်  မျိုး ကောင်း၊ မျိုးသန့်မျိုးစေ့များနှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်းနှင့်  ဆက်လက်စိုက်ပျိုးမည့် တောင်သူများအား မျိုးပြန်ပေး စနစ်ဖြင့် ဌာနမှဖြန့်ဖြူးလျက်ရှိ‌ကြောင်း ဆွေးနွေးပြောကြားသည်။

 


ထို့နောက် ချည်မျှင်ရှည်ဝါစိုက်ပျိုးသည့် ကျေးရွာအုပ်စု ၁၈ အုပ်စုမှ တက်‌ရောက်လာသည့်  တောင်သူများအား   ချည်မျှင်ရှည်ဝါမျိုးစေ့နှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။


 မောင်ကျော်ကြီး