
နေပြည်တော် ဧပြီ ၂၈
ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကို ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းတွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကို စီစဉ်ကျင်းပသွားမည်ဖြစ်ရာ ညနေ ၆ နာရီ ၄၅ မိနစ်မှစတင်၍ ဆီမီးတိုင်များ ကိုင်ဆောင်လှည့်လည်ပူဇော်ပွဲနှင့် ည ၈ နာရီတွင် ကျင်းပမည့် ဓမ္မပူဇာသဘင်ဆင်ယင်ကျင်းပပွဲတို့ကို MRTV Farmers’ Channel ၊ MRTV Parliament Channel ၊ MRTV Sports Channel၊ MWD EDUCATION , KNOWLEDGE & SPORTS Channel ၊ TVM Channel ၊ Channel LIGHT နှင့် WAF Channel တို့မှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်ပြီး MRTV – HD Channel မှ ဆီမီးတိုင်များ ကိုင်ဆောင် လှည့်လည်ပူဇော်ပွဲစတင်ချိန်မှ ည ၈ နာရီ သတင်းမတိုင်မီအထိ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်ပြီး ဓမ္မပူဇာသဘင်ဆင်ယင်ကျင်းပပွဲကို ည ၈ နာရီ သတင်းများအပြီး ည ၉ နာရီခန့်မှစ၍ ထုတ်လွှင့်သွားမည်ဖြစ်သည်။
ဓမ္မပူဇာသဘင်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသက ငါးပါးသီလ ချီးမြှင့်ပေးမည်ဖြစ်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်ဖြစ်တော်မူသော အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ က တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးသွားမည်ဖြစ်သည်။
သတင်းစဉ်