ကာကွယ်ဆေးသိုလှောင်အအေးခန်း ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကျင်းပ

ပဲခူး မတ် ၁ ပဲခူးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ကာကွယ်ဆေးသိုလှောင် အအေးခန်း ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို မတ် ၁ ရက် နံနက်က ကျင်းပသည်။ ရှေးဦးစွာ  လုပ်ငန်းစီမံချက်များကို တာဝန်ခံအင်ဂျင်နီယာက ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးဒေသသည် ငလျင်ကြောကျရောက်သည့်နေရာတွင် တည်ရှိနေ သဖြင့် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံများဖြစ်ရန်လိုအပ်ပြီး ကာကွယ် ဆေးများ သိုလှောင်မည့် အအေးခန်းဖြစ်၍ မိုးလုံလေလုံဖြင့် သယ်ယူပို့ဆောင်ခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ရန် လိုကြောင်း၊ လျှပ်စစ်မီးလိုင်းများ စနစ်တကျတပ်ဆင်ရန်နှင့်  သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ရန် မှာကြား သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လူမှုရေးရာ ဝန်ကြီး ဦးအောင်မင်းနှင့် ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်တို့က ပန္နက်တိုင်များကို ရိုက်သွင်းခဲ့ပြီး(ယာပုံ) ကာကွယ်ဆေး သိုလှောင် အအေးခန်း ပန္နက်ရိုက်မင်္ဂလာအခမ်းအနား အောင်မြင်စွာပြီးမြောက် ခဲ့ကြောင်း သိရသည်။ တင်စိုး(ပဲခူး)