နေပြည်တော် ဇွန် ၁၇
“ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ” သည် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များ အသင်းဝင်ကုမ္ပဏီများ စုစည်းဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့်ပူးပေါင်း၍ တောင်သူ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်လျက် ရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်းပြည့်မီသည့် ယူရီးယားမြေဩဇာ များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲ နှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ် တင်သွင်းသည့် ယူရီးယားမြေဩဇာ ၇၅၀၀၀ တန်ခန့်ကို သက်သာ သောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ပြီး ဇွန် ၁၁ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုရှိ မြို့နယ် ၁၃၆ မြို့နယ်မှ အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ ကြိုက်ဝယ် စနစ်ဖြင့် လက်ငင်းငွေချေဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာဖြန့်ဖြူးရောင်းချပေးမည့် ယူရီးယားမြေဩဇာများအား သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ဝယ်ယူခွင့်လက်မှတ်များ အခမဲ့ရယူ၍ မြို့နယ် များရှိ သက်ဆိုင်ရာအရောင်းဆိုင်များ၌ “ယူရီးယားမြေဩဇာ ဝယ်ယူ ဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ”မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
တောင်သူများအနေဖြင့် ယူရီးယားမြေဩဇာများကို မြို့နယ်အလိုက် သတ်မှတ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ၌ သတ်မှတ်ဈေးနှုန်း အတိုင်း ဝယ်ယူရရှိခြင်းမရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်စည်းကမ်း များနှင့်ကိုက်ညီပြီး ဝယ်ယူရန်အခက်အခဲရှိခဲ့လျှင်သော်လည်းကောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖုန်း ၀၆၇ - ၄၁၀၀၃၅၊ သမဝါယမဦးစီးဌာန ဖုန်း ၀၆၇ - ၄၁၀၀၄၀၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း ၀၆၇-၄၁၈၆၂၁ နှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများနှင့် မြို့နယ်အဆင့် ဖြန့်ဖြူးရောင်းချရေးကော်မတီများသို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်



