နေပြည်တော် ဇွန် ၁၅
“ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ” သည် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင် များ၊ အသင်းဝင်ကုမ္ပဏီများ စုစည်းဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့်ပူးပေါင်း၍ တောင်သူ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်လျက် ရှိသော အရည်အသွေးနှင့်စံချိန်စံညွှန်း ပြည့်မီသည့် ယူရီးယားမြေဩဇာ များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့်တိုက်ရိုက် ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ်တင်သွင်းသည့် ယူရီးယားမြေဩဇာ ၇၅၀၀၀ တန်ခန့်ကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ ပေးသွားမည်ဖြစ်ပြီး ဇွန် ၁၁ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်၁၁ ခုရှိ မြို့နယ် ၁၃၆ မြို့နယ်မှ အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ ကြိုက်ဝယ်စနစ်ဖြင့် လက်ငင်းငွေချေဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချ ပေးမည့် ယူရီးယားမြေဩဇာများကို သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ဝယ်ယူခွင့်လက်မှတ်များ အခမဲ့ရယူ၍ မြို့နယ်များရှိ သက်ဆိုင်ရာအရောင်းဆိုင်များ၌ “ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီ” မှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
တောင်သူများအနေဖြင့် ယူရီးယားမြေဩဇာများကို မြို့နယ်အလိုက် သတ်မှတ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ၌ သတ်မှတ်ဈေးနှုန်း အတိုင်း ဝယ်ယူရရှိခြင်းမရှိလျှင်သော်လည်းကောင်း၊ သတ်မှတ် စည်းကမ်းများနှင့်ကိုက်ညီပြီး ဝယ်ယူရန် အခက်အခဲရှိခဲ့လျှင်သော် လည်းကောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖုန်း ၀၆၇ - ၄၁၀၀၃၅၊ သမဝါယမဦးစီးဌာန ဖုန်း ၀၆၇ - ၄၁၀၀၄၀၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း ၀၆၇ - ၄၁၈၆၂၁ နှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများနှင့် မြို့နယ်အဆင့် ဖြန့်ဖြူးရောင်းချရေးကော်မတီများသို့ လည်း ဆက်သွယ်နိုင်ကြောင်းသိရသည်။
သတင်းစဉ်
မှတ်ချက် ။ (၁) ရန်ကုန်ဂိုဒေါင်ဈေး + ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ် + ကုန်တင် /ချ ခ + အမြတ် ငွေတို့ပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။
(၂) ယူရီးယားမြေဩဇာဝယ်ယူသုံးစွဲသူတောင်သူများအနေဖြင့် ယူရီးယားမြေဩဇာများ ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ၌ ဝယ်ယူရာတွင် ကျေနပ်မှုမရှိပါက ကော်မတီ ၏ အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း အသိပေးအပ်ပါသည် -
၀၆၇ - ၄၁၀၀၃၅ (သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန)
၀၆၇ - ၄၁၀၀၄၀ (သမဝါယမဦးစီးဌာန)
၀၆၇ - ၄၁၈၆၂၁ (ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန)
တိုင်းဒေသကြီး / ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးရုံးနှင့် မြို့နယ်အဆင့် ဖြန့်ဖြူးရောင်းချရေးကော်မတီများသို့လည်း တိုင်ကြားနိုင်ပါသည်။
(၃) သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီပြီး ဝယ်ယူရန် အခက်အခဲရှိပါက မြို့နယ်အဆင့် ဖြန့်ဖြူးရောင်းချရေးကော်မတီသို့ ချိတ်ဆက်သတင်းပို့ဝယ်ယူနိုင်ပါသည်။
ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီ



