
ဟိုပန် နိုဝင်ဘာ ၅
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်အတွင်း အာလူး မျိုးကောင်းမျိုးသန့်ပွားများ ရရှိ စေရန်နှင့် ဒေသခံတောင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး ဝင်ငွေပိုမိုတိုးတက်လာကြစေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်းကာ နယ်သာလန် မာကီးစ်(Markies) အာလူးမျိုးများကို “ဝ”တောင်တန်း မျိုးစေ့ထုတ်လုပ်ငန်း သမဝါယမ အသင်းဝင် တောင်သူတစ်ဦး၏ ကိုင်းကျွန်းမြေ နှစ်ဧကခွဲ၌ အာလူး မျိုးသန့်ပွား(မျိုးစေ့ထုတ်)စိုက်ခင်း ကို နိုဝင်ဘာ ၂ ရက်က စတင်စိုက်ပျိုး ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးလှဆန်း၊ ပန်ဝိုင်၊ မိုင်းမော၊ ပန်ဆန်းမြို့နယ် ဦးစီးမှူးများနှင့် ဝန်ထမ်းများက စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိစေရေး အနီးကပ် ကြီးကြပ်၍ အာလူးစိုက်ပျိုးရေး ဆိုင်ရာ နည်းစနစ်ကောင်း(GAP)နှင့်အညီ ဒေသခံတောင်သူများအား လက်တွေ့ပြသ စိုက်ပျိုးပေးခဲ့သည်။ အဆိုပါ နယ်သာလန်အာလူးမျိုး မျိုးသန့်ပွား စတင်စိုက်ပျိုးမှုကို မော်ဟွေ့ကျေးရွာမှ တောင်သူများ လာရောက်ကြည့်ရှုလေ့လာခဲ့သည်။
နယ်သာလန်အာလူးမျိုး စတင် စိုက်ပျိုးရာတွင် တောင်သူများ အခက်အခဲမဖြစ်စေရန်နှင့် နည်း စနစ်မှန်ကန်စွာ စိုက်ပျိုး၍ အထွက် နှုန်း ကောင်းမွန်စေရန်အတွက် ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးလှမိုးကျော်နှင့် ဝန်ထမ်းများက အောက်တိုဘာ ၃၀ ရက်တွင် မော်ဟွေ့ကျေးရွာ၌ အာလူးမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေးနည်းစနစ် မှန်ကန်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးနှင့် မြေဩဇာစနစ်တကျသုံးစွဲမှု နည်းစနစ်များ၊ အလေအလွင့်နည်း အောင် ရိတ်သိမ်းသည့်နည်းစနစ် များကို အသိပညာပေးဟောပြော ခဲ့ပြီးဖြစ်ကာ စိုက်ပျိုးကြမည့် တောင်သူများထံသို့လည်း အာလူး မျိုးသန့်များ လက်ဝယ်အရောက် ဖြန့်ဖြူးပေးခဲ့သည်။
အဆိုပါ နယ်သာလန်အာလူးမျိုး ကို မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှူးနှင့် “ဝ”တောင်တန်း မျိုးစေ့ ထုတ်သမဝါယမအသင်းဝင်များက ပင်လောင်းမြို့နယ် နောင်တရား မြို့ရှိ အအေးခန်းသိုလှောင်ရုံ၌ သွားရောက်ဝယ်ယူခဲ့ကာ စတင် စမ်းသပ်စိုက်ပျိုးရာတွင် အာလူးမျိုး တစ်ပိဿာစိုက်ပျိုးလျှင် ငါးပိဿာမှ ဆယ်ပိဿာအထိ ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရ သည်။
ဇင်ဇင်(ပြန်/ဆက်)