
နေပြည်တော် မေ ၁၇
ချင်းပြည်နယ် ဟားခါးမြို့နယ်၊ မတူပီမြို့နယ်နှင့် လိုင်လင်းပီမြို့တို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် လူနေအဆောက်အအုံများ ပြိုကျ၊ ပျက်စီးခဲ့သည့် လေဘေးသင့် အိမ်ထောင်စု စုစုပေါင်း ၂၂၀ တို့မှ လေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်း တွင် ဟားခါးမြို့ ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လေဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်က အားပေးစကားပြောကြားသည်။ ထို့နောက် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ထိခိုက်ဆုံးရှုံးမှု များ၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လေဘေးသင့်အိမ်ထောင်စု စုစုပေါင်း ၂၂၀ တို့အား ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ် ရာ လေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေဘေးသင့်ပြည်သူများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်