
ရန်ကုန် နိုဝင်ဘာ ၁၉
ဂျပန်နိုင်ငံအစိုးရ၏ Young Leaders Program (YLP) အစီအစဉ်ဖြင့် Master of Business Administration (MBA) တစ်နှစ် ပညာသင်ဆု အစီအစဉ်ကို လမ်းမတော်မြို့နယ် UMFCCI ရုံးတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
အနာဂတ်ခေါင်းဆောင်များ မွေးထုတ်ပေးရန်၊ ဂျပန်နှင့် အာရှနိုင်ငံ များအကြား မူဝါဒရေးရာ စီစဉ်ဆောင်ရွက်မှု အရည်အသွေးများ တိုးတက်ပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေရန်နှင့် ဂျပန်နိုင်ငံအကြောင်း ပိုမိုသိရှိနားလည်စေရန် ရည်ရွယ်သည့် ယင်းပညာသင်ဆုကို သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသော ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင်များ သို့မဟုတ် ဝန်ထမ်းများ၊ကုန်သည် စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ သို့မဟုတ် ဝန်ထမ်းများ လျှောက်ထားနိုင်မည်ဖြစ်သည်။
လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို အသင်းချုပ် ရုံး HRD ဌာနတွင် လာရောက်ထုတ်ယူပြီး ပြည့်စုံစွာဖြည့်စွက်၍ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် သို့မဟုတ် ဝန်ထမ်း၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် သို့မဟုတ် ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ၊ Passport မိတ္တူ ၊ ဓာတ်ပုံတစ်ပုံ၊ အနည်းဆုံးသက်တမ်း တစ်နှစ်ရှိ UMFCCI အသင်းဝင်ကတ်မိတ္တူ၊ ပညာ သင်ဆုလျှောက်လွှာ မူရင်းနှင့်မိတ္တူတစ်စုံ ပူးတွဲလျက် ၃၀-၁၁-၂၀၂၁ နောက်ဆုံးထားပြီး ယင်းအသင်းချုပ် HRD ဌာန၌ လျှောက်ထားနိုင် ကြောင်း သိရသည်။
ကျော်ဆန်းမြင့်