
နေပြည်တော် နိုဝင်ဘာ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများအား ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းတွင် ပုသိမ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသို့ ရောက်ရှိ ပြီး ဧရာဝတီတိုင်းဦးစီးဌာနမှူးက သင်တန်းကျောင်း ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများနှင့် နည်းပြများအား တွေ့ဆုံအမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာ များ၊ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ လျှပ်စစ်နှင့် ဂက်စ်မီးဖိုများဖြင့် ချက်ပြုတ်နိုင်မှု၊ သင်တန်းခန်းမများ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာ များနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လ ဘတ်ဂျက် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး သည်။
နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ လပွတ္တာမြို့ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများသို့ ရောက်ရှိပြီး မော်တော်ယာဉ်စက်ပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ လက်သမား၊ ပန်းရန်၊ သံချည်သံကွေးသင်တန်းနှင့် လက်ကိုင်ဖုန်း ပြင်သင်တန်းများ ဖွင့်လှစ်သင်ကြားမှုအခြေအနေ နှင့် ရေ/မီး ရရှိမှုတို့ကိုလည်းကောင်း၊ အမျိုးသမီး အိမ်တွင်းမှု သင်တန်းသူများ၏ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ သင်တန်းခန်းမ၊ မော်တာ စက်ချုပ် သင်တန်းဆောင်၊ စားရိပ်သာ၊ သင်တန်းသူအိပ်ဆောင် များနှင့် ရေ/မီးရရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စက်မှု လက်မှုသင်တန်းကျောင်းမှ ကျောင်းအုပ်၊ နည်းပြ များနှင့် သင်တန်းသားများကို တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်း တွင် ဘိုကလေးမြို့ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ ရောက်ရှိ ပြီး သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်း ကျောင်းဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြရာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ ကျောင်းအုပ်နှင့် နည်းပြများ၊ ကျောင်းသား ကျောင်းသူများကို အမှာစကား ပြောကြားကာ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်၊ စာကြည့်တိုက်၊ စတိုဆောင်၊ စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
လှည့်လည်ကြည့်ရှု
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မအူပင်မြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းသို့ ရောက်ရှိ ပြီး သင်တန်းကျောင်း ကျောင်းအုပ်၏ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနသည် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်း ပြန်လည်ထူထောင်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘိုကလေး မြို့နှင့် မအူပင်မြို့တို့တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း တစ်ကျောင်း စီ၊ ပုသိမ်မြို့နှင့် လပွတ္တာမြို့တို့တွင် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း ကျောင်း တစ်ကျောင်းစီနှင့် လပွတ္တာမြို့တွင် စက်မှုလက်မှု ပညာသင်တန်းကျောင်း တစ်ကျောင်း စုစုပေါင်း ငါးကျောင်းတည်ထောင်ဖွင့်လှစ်ကာ ဒေသခံလူငယ်လူရွယ် အမျိုးသမီးငယ်များကို အခြေခံပညာနှင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားလေ့ကျင့်ပေးခဲ့ရာ ယခုအချိန်အထိ အခြေခံပညာကျောင်းသား ကျောင်းသူ ၄၆၆ ဦး၊ အသက်မွေးဝမ်းကျောင်းသင်တန်းသား သင်တန်းသူ ၂၂၉၂ ဦးတို့ကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်