
နေပြည်တော် စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆောင်းသီးနှံ ပဲတီစိမ်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် လိုအပ်သည့် အကူအညီအထောက်ပံ့များ ပေးအပ်လျက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် တောင်သူများ လက်တွဲဆောင်ရွက်ကြရန် သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးက ယမန်နေ့က သွားရောက်ခဲ့သည့်ဧရာဝတီ တိုင်းဒေသကြီးခရီးစဉ်တွင် တိုက်တွန်းပြောကြားခဲ့ပြီး လေးမျက်နှာမြို့နယ် သခွပ်ချောင်းကျေးရွာအုပ်စု ကွမ်းခြံကုန်း(အရှေ့)ကျေးရွာသို့ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း ၁၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရ သည်။
ခရီးစဉ်တွင် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့ သို့ ရောက်ရှိပြီး ဆည်မြောင်းဧည့်ရိပ်သာ၌ အမှုထမ်း၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များ ကို ရှင်းလင်းပြောကြားကာ ကျေးလက်ဒေသ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသော တန်ဖိုးမြှင့်ထုတ်ကုန် နည်းပညာ ဖြန့်ဖြူးရေးလုပ်ငန်းများ၊ သမဝါယမအသင်းများ၏ စိုက်ပျိုးမွေးမြူရေးဆိုင်ရာလုပ်ငန်းများ အောင်မြင် အောင် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက် ကြရန် မှာကြားသည်။
ထို့နောက် သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများက ဦးစီးဌာနအလိုက် လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ဟင်္သာတ မြို့နယ်အတွင်းမှ ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူ များနှင့် တွေ့ဆုံ၍ နိုင်ငံတော်က နွေစပါးစိုက်ပျိုး ရေးနှင့် ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရေး အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ ထောက်ပံ့ပေးမှုအခြေအနေကို ရှင်းလင်းပြောကြား ခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့သို့ ရောက်ရှိပြီး ဒက္ခိဏာရုံ ပရဟိတကျောင်းဆရာတော်အား ဖူးမြော်ကာ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လေးမျက်နှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပဲတီစိမ်းစိုက်တောင်သူများနှင့် တွေ့ဆုံ၍ လေးမျက်နှာ မြို့နယ်အတွင်း ပဲတီစိမ်း စိုက်ဧက ၂၃၀၀ ကျော် အောင်မြင်စွာစိုက်ပျိုးရေးအတွက် နိုင်ငံတော်က ပံ့ပိုးပေးမှုအခြေအနေ၊ မြန်မာနိုင်ငံဆန်စပါး အသင်း ချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ မျိုးစေ့၊ မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းတို့နှင့် ညှိနှိုင်းဆောင် ရွက်ပေးမှုအခြေအနေတို့ကို ရှင်းလင်းပြောကြား သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေကြည်မြို့နယ် စိမ်းလဲ့ရေကြည်ခန်းမတွင် ဆောင်းသီးနှံပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံပြီး အကျိုးတူလယ်ယာစနစ် (Contract Farming) ဖြင့် ဆောင်ရွက်မည့်အစီအစဉ်၊ သွင်းအားစု နှင့် ပိုးသတ်ဆေးဖြန့်ဖြူးပေးမည့် အစီအစဉ်၊ သီးနှံပေါ်ချိန်၌ ပြန်လည်ဝယ်ယူရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး တောင်သူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
သတင်းစဉ်