ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ညောင်ချောင်းလေးကျေးရွာတွင် လောင်စာတောင့်စက်ရုံဖွင့်ပွဲ ကျင်းပ

 

မြောင်းမြ   စက်တင်ဘာ   ၂၇


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပိုးလောင်းကျေးရွာအုပ်စု ညောင်ချောင်းလေးကျေးရွာတွင် SSBE Myanmar Group Co ., Ltd  ၏  လောင်စာတောင့်  စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

 


လောင်စာတောင့်စက်ရုံ    ဖွင့်ပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင် ဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်    တိုင်းမှူး      ဗိုလ်ချုပ် အောင်အောင်၊ SSBE ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာဖုန့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ 

 


ယင်းနောက်  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်က     ဧရာဝတီတိုင်းဒေသကြီးတွင်    နွေစပါး၊ မိုးစပါး ဧကငါးသန်းကျော်ရှိ၍  စပါးတင်းသိန်းပေါင်း လေးထောင်ကျော်ထွက်ရာ စပါးခွံများတောင်လိုပုံနေကြောင်း၊    ယခုစပါးခွံများကို     အကျိုးရှိအောင် အသုံးချ၍ရပြီဖြစ်ကြောင်း၊  အမှန်အသုံးချ နိုင်အောင် အကောင်အထည်ဖော်နိုင်ရန်လိုကြောင်း၊     စပါးခွံ သာမက    မြေပဲခွံများကိုလည်း    လောင်စာတောင့် အဖြစ်အသုံးချ၍ရကြောင်းကို သိရကြောင်း၊ MSME ကို ကိုယ့်တိုင်းဒေသကြီးတွင်ရှိသည့် ကုန်ကြမ်းများ ဖြင့်လုပ်မှသာ    ရေရှည်ဖွံ့ဖြိုး    တိုးတက်မည်ဖြစ် ကြောင်း၊  မိမိတိုင်းဒေသကြီးတွင် ကုန်ကြမ်းများစွာ ရှိကြောင်း၊ စပါးခွံမှ  လောင်စာစွမ်းအင်ဖြင့် လျှပ်စစ် ဓာတ်အားရရှိအောင်ထုတ်နိုင်ကြောင်းသိရ၍  တိုင်း ဒေသကြီး အတွင်းရှိကျေးရွာများ  လျှပ်စစ်လိုအပ်မှုကို  ဖြည့်ဆည်းပေးနိုင်ကြောင်း ပြောကြားသည်။

 


 ထို့နောက်  SSBE ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ  မစ္စတာဖုန့်က   စက်ရုံ၏  လုပ်ငန်းဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့်    အစိုးရအဖွဲ့ဝင်များသည်    စက်ရုံ အတွင်း  လုပ်ငန်းဆောင်ရွက်နေမှုများကို  လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ်သည်  မြောင်းမြပညာရေးဒီဂရီကောလိပ်တွင်  ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံအမှာစကားပြောကြားပြီး ဆန်၊ ဆီ၊ ကြက်ဥများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။


သတင်းစဉ်