
နေပြည်တော် ဧပြီ ၂
ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ဧပြီ ၂ ရက် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ယင်းမြို့တွင် ၄၈၅ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ ၃၆ နာရီအတွင်း ၉ ပေခန့် မြင့်တက်ခဲ့သည်။
ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေများသည် နောက် တစ်ရက်မှ ငါးရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၆ ပေမှ ၇ ပေခွဲခန့်၊ နောက် ငါးရက်မှ ရှစ်ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ၄ ပေခွဲမှ ၆ ပေခန့်၊ နောက်ရှစ်ရက်မှ ၁၃ ရက်အတွင်း ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာ မြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့ တို့တွင် ၃ ပေခွဲမှ ၄ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သည်။
သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း သွားလာနေကြသည့် ရေယာဉ်၊ လှေ၊ သင်္ဘော များအနေဖြင့် ဂရုပြုသင့်ပါကြောင်းနှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများ အနေဖြင့်လည်း မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါကြောင်း အကြံပြုအပ် ပါသည်။
မိုး/ဇလ