ဧပြီလအတွက် ပျမ်းမျှအပူချိန်များ မြင့်တက် ဧရာဝတီမြစ်ရေ လက်ရှိရေအမှတ်အောက် ကျဆင်းလာ

 

 

နေပြည်တော်   ဧပြီ   ၂၀
မြန်မာပြည်အထက်ပိုင်းဒေသများတွင်     မိုးကြိုကာလ  သင်္ကြန်မိုးရွာသွန်းမှုနည်းပါးခြင်း၊ ဧပြီလ၏ ပျမ်းမျှနေ့အပူ ချိန်များ မြင့်တက်ပြီး ရေငွေ့ပျံနှုန်းများနေခြင်းကြောင့်  ဧရာဝတီမြစ်ရေသည်   လက်ရှိရေအမှတ်များအောက်သို့ ဆင်းလာနေကြောင်း  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက     မြစ်ရေအခြေအနေ      သတင်းထုတ်ပြန် ထားသည်။
ဧရာဝတီမြစ်ရေသည် ဧပြီ ၁၈ ရက် နံနက် ၆ နာရီခွဲက မန္တလေးမြို့တွင် မြစ်ရေသတိပေး အမှတ် ၃၆၀   စင်တီ မီတာမှ   ၂၉၀   စင်တီမီတာသို့      ကျဆင်းလာခဲ့သည်။   အလားတူ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့တွင် ၃၁၇ စင်တီမီတာသို့လည်းကောင်း၊ ညောင်ဦးမြို့တွင် ၁၁၂၁ စင်တီမီတာသို့လည်းကောင်း၊ စစ်ကိုင်းမြို့တွင် ၂၂၄   စင်တီ မီတာသို့လည်းကောင်း ရောက်ရှိနေကြောင်းနှင့် ဒုဋ္ဌဝတီ မြစ်ရေသည် အမရပူရမြို့နယ် မြစ်ငယ်မြို့တွင် ၁၉၇ စင်တီ မီတာ၊ ပုသိမ်ကြီးမြို့နယ် ရွှေစာရံတွင်  ၂၄၀    စင်တီမီတာသို့ ကျဆင်းရောက်ရှိနေကြောင်း၊    နောက် ၂၄ နာရီအတွင်း မြစ်ရေမျက်နှာပြင်   ပြောင်းလဲနိုင်ကြောင်းနှင့်   မြစ်ရေ ကျဆင်းနေသဖြင့် ရေယာဉ်များ      သတိထားမောင်းနှင်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေး ထားသည်။
ထူးခြားသည့် နေ့အပူချိန်များမှာ  ညောင်ဦးမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ မြင်းခြံမြို့တွင် ၄၃ ဒီဂရီစင်တီဂရိတ် တို့ဖြစ်ကြောင်း သိရသည်။                 
သွင်ထူးဉာဏ်ဇော်(မန္တလေး)