ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် (၁၉) ကြိမ်မြောက် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်

 

နေပြည်တော်   မတ်  ၉


နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည်   ယနေ့  မွန်းလွဲ     ၂    နာရီခွဲတွင်    ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်   ကျင်းပသည့် (၁၉) ကြိမ်မြောက်  ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်မှ တက်ရောက်သည်။

 


အဆိုပါ   အစည်းအဝေးတွင်   ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာ မွတ်(ဒ်)ဝီနိုင်း (H.E. Mr. Don Pramudwinai) က အစည်းအဝေးသဘာ ပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခြားဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သော  ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊  အိန္ဒိယ၊  နီပေါနှင့်  သီရိလင်္ကာနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊     ဒုတိယဝန်ကြီးများနှင့်      ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။

 


အစည်းအဝေးတွင် ထိုင်းဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး   မစ္စတာ   ဒွန်ပရာမွတ်(ဒ်) ဝီနိုင်းက  အဖွင့်အမှာစကား  ပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်များက မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

 


နိုင်ငံခြားရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး    ဦးကျော်မျိုးထွဋ်က ယခုကဲ့သို့  အရေးပါသည့်  အစည်းအဝေးကို ကျင်းပနိုင်ရေးအတွက်    ထိုင်းနိုင်ငံ၏  ကြိုးပမ်းအားထုတ်ခဲ့မှုများကို  ကျေးဇူးတင်ရှိပါကြောင်း၊    ယနေ့တွင်   ဘင်းမ်စတက်ဗန်ကောက်  ရည်မှန်းချက်  (၂၀၃၀)  နှင့် ဘင်းမ်စတက်ယန္တရားအသီးသီးအတွက်     လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်း၊  စည်းကမ်းများကို အောင်မြင်စွာ အတည်ပြုနိုင်တော့မည် ဖြစ်ရာ  အလှည့်ကျဥက္ကဋ္ဌတာဝန်ကို  အကောင်းမွန်ဆုံး ထမ်းဆောင် လျက်ရှိသည့် ထိုင်းနိုင်ငံကို ဂုဏ်ပြုပါကြောင်း၊ ဘင်းမ်စတက်အနာဂတ် ဦးတည်ချက်များဆိုင်ရာ ဘင်းမ်စတက်  ထင်ပေါ်ကျော်ကြားပညာရှင် များအဖွဲ့အတွက် စည်းမျဉ်းစည်းကမ်းများနှင့် ဘင်းမ်စတက်၏ ပင်မ ယန္တရားများ၊ ကဏ္ဍအလိုက်ယန္တရားများနှင့် ပြင်ပဆက်ဆံရေးဆိုင်ရာ  လုပ်ထုံးလုပ်နည်းများကို     အပြီးသတ်     ရေးဆွဲနိုင်ခဲ့ခြင်းတို့အတွက် ဘင်းမ်စတက် အဆင့်မြင့်အရာရှိကြီးများနှင့် ဘင်းမ်စတက်အမြဲတမ်း လုပ်ငန်းကော်မတီတို့၏ ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု ပါကြောင်း ထည့်သွင်းပြောကြားသည်။

 


အလားတူ ဘင်းမ်စတက် လယ်ယာစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍ၏ ဦးဆောင်နိုင်ငံအဖြစ် တာဝန်ယူထားသည့်      မြန်မာ နိုင်ငံက ဘင်းမ်စတက်အတွင်းရေးမှူးရုံးနှင့် ညှိနှိုင်းလျက် ဘင်းမ်စတက်     လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံချက် (၂၀၂၃ -  ၂၀၂၇) ပြုစုရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းစီမံချက်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ  ၁၀ ရက်က ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများ အစည်းအဝေး တွင် အတည်ပြုနိုင်ခဲ့မှုအပေါ် ကြိုဆိုပါကြောင်း၊ ဘင်းမ်စတက်ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်နိုင်စေရန်   ၂၀၂၃  ခုနှစ် ဇန်နဝါရီလအတွင်းက မြန်မာနိုင်ငံက ဦးဆောင်ကျင်းပ ခဲ့သည့် “ဘင်းမ်စတက်စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့သည့် စားနပ်ရိက္ခာစနစ်များဆိုင်ရာ  ဒေသတွင်းဆွေးနွေးပွဲ”  ကို အဖွဲ့ဝင်နိုင်ငံ အားလုံး၏    ပါဝင်တက်ရောက်မှုဖြင့်   အောင်မြင်စွာ   ကျင်းပနိုင်ခဲ့ပါ ကြောင်းကိုလည်း ပြောကြားသည်။

 


ထို့ပြင် ဒုတိယဝန်ကြီးက  ဘင်းမ်စတက် မူဘောင်အောက်ရှိ ကတိ ကဝတ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် လိုအပ် သကဲ့သို့ ဘင်းမ်စတက်ပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် အခြေခံ မူများကို ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအားလုံးက အလေးထားလိုက်နာ ကျင့်သုံးရန် အရေးကြီးမှုကိုလည်း ထပ်လောင်းပြောကြားသည်။

 


အစည်းအဝေးတွင်    ကိုယ်စားလှယ်    အဖွဲ့ခေါင်းဆောင်များက မတ် ၈ ရက်တွင် ထိုင်းနိုင်ငံက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  ကျင်းပခဲ့သည့်  (၂၃) ကြိမ်မြောက်  ဘင်းမ်စတက် အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးအစီရင်ခံစာကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။ ဝန်ကြီးများသည်     ဘင်းမ်စတက်   ဗန်ကောက်ရည်မှန်းချက်  (၂၀၃၀)၊   ဘင်းမ်စတက် ယန္တရားအသီးသီးအတွက်    လုပ်ထုံးလုပ်နည်းများနှင့်     စည်းမျဉ်း စည်းကမ်းများ၊   ဘင်းမ်စတက်အနာဂတ်   ဦးတည်ချက်များဆိုင်ရာ   ဘင်းမ်စတက်    ထင်ပေါ်ကျော်ကြား      ပညာရှင်များအဖွဲ့အတွက်      စည်းမျဉ်းစည်းကမ်းများ၊   ပြန်လည်ဖွဲ့စည်းထားသည့်  ဘင်းမ်စတက်  ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများနှင့် ကဏ္ဍခွဲများအောက်တွင် ပင်လယ် ပြင်အခြေပြုစီးပွားရေး၊    တောင်တန်းဒေသ   အခြေပြုစီးပွားရေးနှင့်   ဆင်းရဲနွမ်းပါးမှု    လျှော့ချရေးကဏ္ဍများ   ထည့်သွင်းဖွဲ့စည်းရေးတို့ အပါအဝင်    ဘင်းမ်စတက်သဘောတူညီချက်များနှင့်   အခြားအရေး ကြီး    စာရွက်စာတမ်းများကို   အတည်ပြု၊    ထောက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။  ထို့ပြင်ဝန်ကြီးများသည်  (၁၉)  ကြိမ်မြောက် ဘင်းမ်စတက်   နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၏    ပူးတွဲ ထုတ်ပြန်ချက်ကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒဖြင့် အတည်ပြု နိုင်ခဲ့သည်။


သတင်းစဉ်