ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် နေပြည်တော်ကောင်စီနယ်မြေရှိ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွပ်ကဲရေးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် နေပြည်တော်ကောင်စီနယ်မြေရှိ

အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ကွပ်ကဲရေးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

=====================================================

နေပြည်တော် ဇန်နဝါရီ ၇

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဉာဏ်ထွန်းနှင့် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ပို့ဆောင်ပေးလျက်ရှိ

 

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးသို့ ရောက်ရှိရာ အရှေ့တောင်အာရှပိုက်လိုင်းကုမ္ပဏီ South East Asia Pipeline Co., Ltd. (SEAP) မှ Deputy Director ဖြစ်သူ Mr. Xia Donglun (မစ္စတာရှီဒေါင်လင်)က အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ South East Asia Gas Pipeline Co., Ltd. (SEAGP) သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို တစ်ရက် လျှင် ပျမ်းမျှ ကုဗပေသန်း ၅၀၀ ခန့်ကို လည်းကောင်း၊ အရှေ့တောင်အာရှ ရေနံစိမ်းပိုက်လိုင်းကုမ္ပဏီ South East Asia Crude Oil Pipeline Co., Ltd. (SEAOP) သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြည်ပမှ တင်သွင်းသည့် ရေနံစိမ်းအား တစ်ရက်လျှင် ပျမ်းမျှ ကုဗမီတာ ၃၅၀၀ ခန့်ကို လည်းကောင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပိုက်လိုင်းများဖြင့် ပို့ဆောင် ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ပို့ဆောင်ရာတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးပင်မထိန်းချုပ်စခန်း၊ ကျောက်ဖြူ၊ မဒဲကျွန်း၊ ဆင်ခုံ တိုင်၊ ရေနံချောင်း၊ တောင်သာ၊ ပြင်ဦးလွင်၊ သီပေါ၊ နမ့်ခမ်း၊ မူဆယ်၊ နေပြည်တော်စခန်းများမှ ပိုက်လိုင်းအား အချိန်ပြည့်စောင့်ကြည့်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ သဘာဝပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဝန်ထမ်းများ၏ ကျန်းမာရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ၊ မြေယာသီးနှံလျော်ကြေးပေးရေးလုပ်ငန်းများနှင့် လူမှုရေး တာဝန်သိမှု Corporate Social Responsibility(CSR) လုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပိုက်လိုင်းစခန်းအသီးသီးမှ ပေးပို့လာသော သတင်းအချက်အလက်များနှင့် ပိုက်လိုင်းအရေးပေါ်အခြေ အနေ ဖြစ်ပွားလာပါက ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းသို့ အချိန်နှင့်တစ်ပြေးညီ အကြောင်း ကြားပြီး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိတွင် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့တွင် မြန်မာနိုင်ငံသား ၉၇၀(၈၁ ရာခိုင်နှုန်းခန့်) တာဝန်ထမ်းဆောင်လျက်ရှိပြီး ဆက်လက်၍ မြန်မာနိုင်ငံသား ဝန်ထမ်းများ၏ တာဝန် ထမ်းဆောင်မှု ရာခိုင်နှုန်းနှင့် လုပ်ငန်းကျွမ်းကျင်မှုများ ပိုမိုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကွပ်ကဲရေးရုံးတွင် မြန်မာနိုင်ငံသား ၃၃ ဦးနှင့် နိုင်ငံခြားသား ၁၀ ဦးတို့က ၂၄ နာရီ အလှည့်ကျစနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခု ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်မှုကာလတွင် မြန်မာနိုင်ငံသား ၂၉ ဦးနှင့် နိုင်ငံခြားသား သုံးဦးတို့ အလှည့်ကျ တာဝန်ထမ်းဆောင် လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ရာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

 

ပိုမိုဆောင်ရွက်ပေးစေလို

 

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက CSR လုပ်ငန်းဆောင်ရွက်မှုများကို သက်ဆိုင်ရာဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မကြာမီခေါ်ယူကျင်းပမည့် တတိယအကြိမ်လွှတ်တော်၏ စွမ်းအင်ဆိုင်ရာကော်မတီဝင် များနှင့် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်စေရေး awareness program များ ပိုမိုဆောင်ရွက် ပေးစေလိုပါကြောင်း၊ စီမံကိန်းလည်ပတ်နေမှုနှင့် ဝင်ငွေ ရရှိမှုတို့သည် နှစ်နိုင်ငံအတွက် အရေးပါသောကြောင့် new normal ကာလအတွက် skill labour နှင့် technician များ ကြိုတင်စုစည်းလေ့ကျင့်ထားရန်နှင့် ဝန်ထမ်းများ ကိုဗစ် ကာကွယ်ဆေးထိုးနှံရေး ကြိုတင်စဉ်းစားထားရန် လိုအပ်ပါ ကြောင်း၊ ပိုက်လိုင်းနှစ်ခုလုံး၏ စွမ်းရည်ပြည့် ပို့လွှတ်နိုင်ရေး နှင့် စီးပွားရေးတွက်ခြေကိုက်မှုရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်စေလိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအတွေ့ အကြုံများကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဝန်ထမ်းများသို့ မျှဝေပေးရေးအစီအစဉ်များ ပြုလုပ်ပေးစေ လိုပါကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အရှေ့တောင် အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွပ်ကဲရေးရုံးဝင်းအတွင်းရှိ စီမံကိန်းဆိုင်ရာပြခန်းကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ ကြောင်း သိရသည်။ သတင်းစဉ်