
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကား
========================================
ချစ်ခင်လေးစားအပ်ပါသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား -
၂ဝ၂၁ ခုနှစ်ရဲ့ နှစ်သစ်ကူးအခါ သမယမှာ နိုင်ငံသူ/နိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနဲ့ ခညောင်း ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
နှစ်သစ်တို့မည်သည် စိန်ခေါ်မှု အသစ်များနဲ့အတူ အခွင့်အလမ်းသစ်များ ကို ခေါ်ဆောင်လာတတ်ကြပါတယ်။ ယခုနှစ်သစ်မှာလည်း ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အတွက် အပြန်အလှန်လေးစားမှု၊ နားလည်ယုံကြည်မှု၊ ချစ်ကြည်ရင်းနှီးမှု များနဲ့အတူ ကျွန်တော်တို့အားလုံး လိုလားတောင့်တတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် နိုင်ရေးအတွက် အခွင့်အလမ်းသစ်တွေ ရှိနေမယ်လို့ ယုံကြည်ပါတယ်။
- ဒီနှစ်သစ်မှာ နှစ်ဟောင်းများရဲ့ အတွေ့အကြုံတွေကနေ သုံးသပ်ဆင်ခြင်၊ ထုတ်ယူရရှိတဲ့ သင်ခန်းစာကောင်းတွေကို အထိရောက်ဆုံး အသုံးပြုနိုင်ကြပါစေ၊
- တိုင်းရင်းသားပြည်သူတို့ရဲ့ မျှော်လင့်ချက်များအားလုံး ပြည့်ဝအောင် စုပေါင်းအင်အားနဲ့ ဆောင်ရွက်နိုင်ကြပါစေ၊
- ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းဝေးလွန်မြောက်ပြီး ၂၀၂၁ ခုနှစ်သည် ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်ဝတဲ့ နှစ်သစ်ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ် ပါတယ်။