ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မှန်တော - ဟာသာ - ဟားခါးလမ်း ဖောက်လုပ်နေမှုနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ဟားခါး) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေး

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မှန်တော - ဟာသာ - ဟားခါးလမ်း ဖောက်လုပ်နေမှုနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ဟားခါး) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေး

========================================================================================================================

 

ဟားခါး စက်တင်ဘာ ၆

 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးရန် ဂန့်ဂေါမြို့၌ ရောက်ရှိနေသည့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မှန်တော - ဟာသာ - ဟားခါးလမ်း ဖောက်လုပ်နေမှုနှင့် အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

 

ရှင်းလင်းတင်ပြ

 

နံနက်ပိုင်းတွင် ဒုတိယသမ္မတသည် ဂန့်ဂေါမြို့မှ မှန်တော-ဟာသာ- ဟားခါးလမ်း မိုင်တိုင် ၆၂/၂ ယာယီ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ချင်းပြည်နယ် လမ်းဦးစီးဌာနမှူး ဦးဆန်းလွင်က မှန်တော - ဟာသာ- ဟားခါးလမ်း ၅၄/၅ - ၆၄/၅ အတွင်း ၃၄ ပေအကျယ် မြေသားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းအခြေအနေ များကို ရှင်းလင်းတင်ပြသည်။

 

အဆိုပါလမ်းသည် အရှည်မိုင် ၆၆ ဒသမ ၇ မိုင်ရှိပြီး ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းတို့ရှိ ဒေသခံ ပြည်သူများ အချိန်တိုအတွင်း အလွယ် တကူ ဆက်သွယ်သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ သည် မော်တော်ယာဉ်များဖြင့် ချင်းပြည်နယ် ဟားခါးမြို့နယ် ဟာသာ ကျေးရွာသို့ရောက်ရှိပြီး ရပ်မိရပ်ဖများ နှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဟာသာကျေးရွာ ရပ်မိ ရပ်ဖတစ်ဦးက ဒေသဖွံ့ဖြိုးရေးလိုအပ် ချက်များဖြစ် သည့် ကျေးလက်ကျန်းမာ ရေးဌာနနှင့် မူကြိုကျောင်းဖွင့်လှစ်ပေး နိုင်ရေး၊ ဆရာ ဆရာမများ ဖြည့်ဆည်း ခန့်ထားနိုင်ရေးနှင့် စိမ့်စမ်းရေသွယ်ယူ ရရှိနိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

ဆက်လက်၍ ဒုတိယသမ္မတသည် မှန်တော - ဟာသာ - ဟားခါးလမ်း ပေါ်ရှိ ဒေါင်ဗားချောင်းကူးတံတား တည်ဆောက်ပြီးစီးနေမှုအား ကြည့်ရှု စစ်ဆေးရာ အင်ဂျင်နီယာချုပ် ဦးမျိုးဝင်းက တံတားဆိုင်ရာ အချက် အလက်များနှင့် တံတားတည်ဆောက် ပြီးစီးမှုအခြေအနေကို ရှင်းလင်း တင်ပြသည်။

 

မှာကြား

 

ရှင်းလင်းတင်ပြချက်များနှင့် စပ် လျဉ်း၍ ဒုတိယသမ္မတက မှန်တော- ဟာသာ- ဟားခါးလမ်း သတ်မှတ် ကာလအမီ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်း တည်ဆောက်ရေး၊ အန္တရာယ်ကင်းရှင်း စေရန် လမ်းအတက်အဆင်းများ ပြေပြစ်အောင်ဆောင်ရွက်ရေး၊ လိုအပ် သည့် နေရာများတွင် မြေထိန်းနံရံ နှင့် ကွန်ကရစ်ရေနုတ်မြောင်း တည်ဆောက်နိုင်ရေး၊ လမ်းတာချဲ့ရန် ကျန်နေရာများအား ဆက်လက် ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

အဆိုပါ ဒေါင်ဗားချောင်းတံတား သည် အရှည်ပေ ၂၅၀၊ အမြင့် ၃၁ ပေ၊ အကျယ် ၃၀ ဒသမ ၅ ပေရှိ သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယာဉ်တစ်စီးချင်းခံနိုင်ဝန် တန် ၆၀ ရှိကာ လုပ်ငန်းတန်ဖိုး ငွေကျပ်သန်း ၁၃၀၀ ဖြစ်ကြောင်း သိရသည်။

 

တည်ဆောက်ပြီးစီးမှု

 

ဆက်လက်၍ ဒုတိယသမ္မတသည် ဟားခါးမြို့ ဟိုင်တလန်ရပ်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ချင်းပြည်နယ် အားကစား နှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသန်းအောင်က အားကစား နှင့် ကာယပညာသိပ္ပံ (ဟားခါး) ဆိုင်ရာ အချက်အလက်များနှင့် တည်ဆောက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ခု ပြည်ထောင်စုနှင့်ပြည်နယ် ဘတ်ဂျက် တို့ဖြင့် ဆောင်ရွက်မည့် တည်ဆောက် ရေးလုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

တင်ပို့ရောင်းချ

 

ရှင်းလင်းတင်ပြချက်များနှင့် စပ် လျဉ်း၍ ဒုတိယသမ္မတက အားကစား နှင့် ကာယပညာသိပ္ပံ(ဟားခါး)ကျောင်းဝင်းအတွင်း ရာသီသီးနှံများ၊ နှစ်တိုနှစ်ရှည်သီးနှံများ စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများကို စနစ် တကျဆောင်ရွက်ပြီး ကျောင်းအတွင်း စားသုံးရန်သာမက ပတ်ဝန်းကျင်ဒေသ များသို့ တင်ပို့ရောင်းချသွားနိုင်ရေး၊ ဝန်ထမ်းမိသားစုများနှင့် သင်တန်း သားများ သောက်သုံးရေဖူလုံရေး အတွက် လုံငုံဘားချောင်းမှ ရေသွယ်ယူ နိုင်ရေးနှင့် စက်ရေတွင်းတူးဖော်မည့် နေရာ ရှာဖွေရေးတို့ကို မှာကြားသည်။

 

အဆိုပါ အားကစားနှင့် ကာယ ပညာသိပ္ပံ(ဟားခါး) ကျောင်းသည် ဟားခါးမြို့၏မြောက်ဘက် တစ်မိုင် ခန့်အကွာ မြို့ဟောင်းရပ်ကွက် ဟိုင်တလန်ရပ်၌တည်ရှိပြီး မြေ ဧရိယာ ၅၆ ဒသမ ၉၄ ဧက ကျယ်ဝန်း ကြောင်း၊ ကျောင်းတည်ဆောက်ခြင်း လုပ်ငန်း ၂၈ ခုအတွက် စုစုပေါင်းငွေ ကျပ်သန်း ၆၆၃၁ ဒသမ ၁၈၀ ခန့်မှန်း ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် အားကစားနှင့် ကာယပညာသိပ္ပံ (ဟားခါး) ဝင်းအတွင်းရှိ အားကစား ပြိုင်ပွဲရုံနှင့် လေ့ကျင့်ရေးရုံ တည်ဆောက်နေမှု၊ ဝန်ထမ်းအိမ်ရာ များ တည်ဆောက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ၏ ချင်းပြည်နယ်ခရီးစဉ်အတွင်း လိုက်ပါလာသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးသည် ယနေ့ ညနေပိုင်း တွင် ဟားခါးတက္ကသိုလ် မုခ်ဦး တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး သည်။

 

သတင်းစဉ်