ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်(တောင်ပိုင်း)ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်(တောင်ပိုင်း)ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ရှိ မြို့မိမြို့ဖများနှင့်တွေ့ဆုံ

=====================================================================

 

မင်းတပ် စက်တင်ဘာ ၄

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်နှင့် ဗိုလ်ချုပ် စိုးတင့်နိုင်၊ အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့တို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ကန်ပက်လက်မြို့ ပြည်သူ့ဆေးရုံ နှစ်ထပ် တိုးချဲ့လူနာဆောင် တည်ဆောက်နေမှုနှင့် မင်းတပ်မြို့ အစိုးရနည်းပညာ အထက်တန်းကျောင်း စာသင်ဆောင် ဆောက်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် နေပြည်တော်မှ ချင်းပြည်နယ် (တောင်ပိုင်း) ကန်ပက်လက်မြို့သို့ ရောက်ရှိကြပြီး ကန်ပက်လက်မြို့ ပြည်သူ့ဆေးရုံ နှစ်ထပ်တိုးချဲ့ လူနာဆောင်တည်ဆောက်နေမှုအား လှည့်လည် ကြည့်ရှုစစ်ဆေးရာ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ငွေစံက လုပ်ငန်းပိုင်းဆိုင်ရာ များကို ရှင်းလင်းတင်ပြသည်။

 

နှစ်ထပ်အဆောက်အအုံ

 

အဆိုပါ နှစ်ထပ်တိုးချဲ့လူနာဆောင် သည် အလျားပေ ၁၅၀၊ အနံ ၆၂ ပေနှင့် အမြင့် ၂၈ ပေရှိ သံကူကွန်ကရစ် နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ခွင့်ပြု ရန်ပုံငွေကျပ် ၆၇၁ ဒသမ ၂၂ သန်းဖြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ကန်ပက်လက်မြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကန်ပက်လက်မြို့ မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယသမ္မတက မိမိတို့ အစိုးရသက်တမ်းကာလအတွင်း ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ပြီးစီးခဲ့မှုများကို လက်တွေ့ကျကျ သိမြင်နိုင်ရန်၊ ဒေသ ဖွံ့ဖြိုးရေး ဆက်လက်ဆောင်ရွက် စရာရှိသည်များ ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ ဒေသဖွံ့ဖြိုးရေးတင်ပြ ချက်များကို သိရှိနိုင်ရန် လာရောက် ရခြင်းဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဖြစ်သည့် ချင်းပြည်နယ် အတွက် အရေးအကြီးဆုံးသော လိုအပ်ချက်တစ်ရပ်သည် လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်စေရေးဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ဆက်သွယ် သွားလာမှု အခက်အခဲများကို လက်တွေ့မြင်တွေ့နိုင်ရန် ယခုကဲ့သို့ သော သွားလာမှုအခက်ခဲဆုံး မိုးရာသီ ကာလကို တမင်ရွေးချယ်၍ လာရောက် ရခြင်း ဖြစ်ပါကြောင်း။

 

လက်တွေ့ခံစားနေရပြီ

 

ချင်းပြည်နယ် ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေသည့် ကာလဖြစ်ပြီး ယခင်ကာလများထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့ကြရမည် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အပေါ် ထားရှိသည့် နိုင်ငံတော်အစိုးရ၏ စေတနာမေတ္တာများကို လက်တွေ့ ခံစားနေကြရပြီ ဖြစ်ပါကြောင်း၊ မင်းတပ်ကောလိပ်အဆင့်မှ မင်းတပ် တက္ကသိုလ်အဆင့်အထိ တိုးမြှင့်ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ ကြောင်း၊ ဒေသဖွံ့ဖြိုးရေးကို ရည်ရွယ် ၍ ကန်ပက်လက်-ဆမီး-ပလက်ဝ လမ်းမကြီးကို မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းမကြီးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ အလားတူ ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ပိုမို ကောင်းမွန်စေရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ချင်းပြည်နယ် (မြောက်ပိုင်း)တွင် ဆူဘုန်ရ်လေဆိပ် ကို တည်ဆောက်လျက်ရှိသကဲ့သို့ ချင်းပြည်နယ်(တောင်ပိုင်း)၌လည်း လိုင်လင်းပီ လေယာဉ်ကွင်း တည်ဆောက်လျက်ရှိရာ ၇၅ ရာခိုင် နှုန်းခန့် တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ချင်းပြည်နယ် လျှပ်စစ်ကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် လည်မျိုမြစ် ရေအားလျှပ်စစ် တည်ဆောက်ရေးစီမံကိန်းအတွက် ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင် လျက်ရှိပြီး ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း။

 

ချင်းပြည်နယ်၏ မိရိုးဖလာ ရွှေ့ပြောင်းတောင်ယာစနစ်ကို အစား ထိုးနိုင်ရေးအတွက် ချင်းပြည်နယ်၏ တောတောင်ရေမြေ သဘာဝနှင့် ကိုက်ညီပြီး ဈေးကွက်ဝင်သည့် “ဝ”ဥ၊ ကော်ဖီနှင့် ထောပတ် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ခြင်းကို ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ ချင်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများနှင့် အသေး စားနှင့် အလတ်စား လုပ်ငန်းများ ချေးငွေရရှိနိုင်ရေးအတွက် နည်းလမ်း များ ရှာဖွေဖော်ထုတ်ဆောင်ရွက်ပေး သွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရက ပြည်နယ်ဖွံ့ဖြိုး ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် ပေးနေသည့်ကာလတွင် ဒေသခံ ပြည်သူများအနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း များတွင် တတ်အားသရွေ့ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါ ကြောင်း၊ သို့မှသာ ဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန် ရရှိခံစားနိုင်ကြမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ရှင်းလင်းပြောကြား

 

ထို့နောက် ကန်ပက်လက်မြို့ မြို့မိ မြို့ဖ ဦးမြမောင်းက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် ကန်းလောင်း ကျေးရွာအနီး အသေးစားလေယာဉ် ကွင်း တည်ဆောက်ပေးနိုင်ရေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသစ် တည်ဆောက်ပေး နိုင်ရေး၊ မြို့တော်ခန်းမ တည်ဆောက် ပေးနိုင်ရေးနှင့် ကျင်ဒွေး-လောင်းရှည် မော်တော်ကားလမ်း ကတ္တရာခင်းပေး နိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်နယ်ဝန်ကြီး ဦးရွှေထီးအိုး၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦး နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။

 

ယင်းနောက် ဒုတိယသမ္မတက ကိုဗစ်-၁၉ ကာလအတွင်း ကန်ပက်လက်မြို့နယ်တွင် စေတနာ့ ဝန်ထမ်း Volunteer ထမ်းဆောင်ခဲ့ သူများအား ထောက်ပံ့ငွေများ ပေးအပ် ပြီး ဒုတိယဝန်ကြီး ဦးတင်မြင့်က ကန်ပက်လက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ အား ထောက်ပံ့ငွေများပေးအပ်သည်။

 

ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ကန်ပက်လက်မြို့မှ မင်းတပ်မြို့နယ် ထင်ချောင်းကျေးရွာရှိ ချင်းတောင် ရတနာ “ဝ”ဥ အလွှာခြောက်စက်ရုံ ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိ ကြရာ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးကျော်သူက စက်ရုံဆိုင်ရာ အချက်အလက်များ၊ “ဝ”ဥမှတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ် နေမှု၊ “ဝ”ဥလွှာ အခြောက်ခံစက် စမ်းသပ်လည်ပတ်နေမှု၊ “ဝ”ဥ စိုက်ပျိုး ခြင်းကို အကျိုးတူ လယ်ယာ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက် သွားမည့်အခြေအနေများကို ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက သိရှိလို သည်များကို မေးမြန်းသည်။

 

တွက်ခြေကိုက်စိုက်ပျိုး

 

ယင်းနောက် ရှင်းလင်းတင်ပြချက် များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက “ဝ”ဥ တစ်ဧက စိုက်ပျိုးလျှင် “ဝ”ဥ အစို ပျမ်းမျှပိဿာ ၅၀၀၀ ခန့်ထွက်ရှိ သဖြင့် လက်ရှိဈေးကွက် ပေါက်ဈေးအရ တစ်ဧကလျှင် စိုက်ပျိုးစရိတ် ကုန်ကျ ငွေနုတ်ပြီး အမြတ်ငွေကျပ် သိန်း ၅၀ ခန့်ရရှိရာ စိုက်ပျိုးသည့် တောင်သူများ အတွက် တွက်ခြေကိုက်သည့် ဈေးကွက်ဝင် စိုက်ပျိုးရေးထွက်ကုန် အမယ်တစ်မျိုး ဖြစ်ပါကြောင်း။

“ဝ”ဥကို တန်ဖိုးမြှင့် ထုတ်ကုန် အဖြစ် ထုတ်လုပ်နိုင်ပါက ယခုထက် ဝင်ငွေ သုံးဆခန့် ပိုမိုရရှိနိုင်မည်ဖြစ် သဖြင့် “ဝ”ဥ စိုက်ပျိုးရေးကို ဒေသခံ များ ပိုမိုစိတ်ဝင်စားမှု အားကောင်း လာစေရန် စွမ်းဆောင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။

 

ထို့နောက် ဒုတိယသမ္မတသည် “ဝ”ဥလွှာခြောက် စက်ရုံအတွင်း လှည့်လည်ကြည့်ရှုသည်။

 

အဆိုပါ “ဝ”ဥ လွှာခြောက်စက်ရုံ သည် ချင်းတောင်တန်းများပေါ်ရှိ သဘာဝအတိုင်း စိုက်ပျိုးထားရှိ သော“ဝ”ဥများကို ခေတ်မီအခြောက်ခံ စက်ဖြင့် လေပူစနစ်သုံး၍ သန့်ရှင်း သပ်ရပ်စွာ အခြောက်ခံထားသော “ဝ”ဥ တန်ချိန် ၃၀၀ ခန့် ထုတ်လုပ် နိုင်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် အစိုးရ နည်းပညာအထက်တန်း ကျောင်း(မင်းတပ်) ယာယီရှင်းလင်းဆောင်သို့ရောက်ရှိရာ ကျောင်းအုပ် ကြီး ဦးအောင်ထိုက်သူက ကျောင်း ဆိုင်ရာ အချက်အလက်များနှင့် ဆောက်လုပ်ဆဲ ကျောင်းအဆောက် အအုံဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

 

မှာကြား

 

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ကျောင်းအဝင်လမ်းကို ရေရှည် ရည်မှန်း၍ ရာသီမရွေးသွားလာနိုင် သည့်လမ်းအဖြစ် ဆောင်ရွက်သွားရန်၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင် တစ်ဆောင် ထပ်မံဆောက်လုပ်ပေး နိုင်ရန်နှင့် မြေပြိုကျသည့်နေရာတွင် မြေထိန်းနံရံ တည်ဆောက်သွားရန် မှာကြားသည်။

 

အဆိုပါ အစိုးရနည်းပညာ အထက်တန်းကျောင်း(မင်းတပ်)သည် ၁၉၈၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ လက်မှုပညာသင်တန်းကျောင်းအဖြစ် လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အတတ်ပညာလေ့ကျင့် ရေးသင်တန်းကျောင်း (မင်းတပ်) အဖြစ် လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ယနေ့အထိ အစိုးရနည်းပညာ အထက် တန်းကျောင်း(မင်းတပ်) အဖြစ်လည်း ကောင်း ဖွဲ့စည်းတည်ဆောက်ခဲ့သည်။

အစိုးရနည်းပညာအထက်တန်း ကျောင်း(မင်းတပ်)တွင် အဆောက် အဦနည်းပညာသင်တန်း၊ အီလက် ထရောနစ် နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာ သင်တန်းနှင့် သုတေသန နည်းပညာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကာလ တို သင်တန်းများအဖြစ် အခြေခံ ကွန်ပျူတာသင်တန်း၊ မော်တော် ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းနှင့် အိမ်တွင်း လျှပ်စစ် သွယ်တန်းခြင်း သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 

ထို့နောက် ဒုတိယသမ္မတသည် မင်းတပ်မြို့ မြို့မဈေးခန်းမ၌ မင်းတပ် မြို့ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယသမ္မတက မင်းတပ်မြို့သည် ယခင်ရောက်ရှိခဲ့ သည့် အချိန်ကာလများထက် ပိုမိုဖွံ့ဖြိုး တိုးတက်နေသည်ကို တွေ့မြင်ရပါ ကြောင်း၊ မင်းတပ်ကောလိပ်ကို တက္ကသိုလ်အဆင့် တိုးမြှင့်ဖွင့်လှစ်နိုင် မည်ဖြစ်၍ များစွာဂုဏ်ယူမိပါကြောင်း၊ ချင်းပြည်နယ်၏ တောတောင်ရေမြေ သဘာဝသည် ဈေးကွက်ဝင် “ဝ”ဥ၊ ကော်ဖီနှင့် ထောပတ်များ စိုက်ပျိုး ဖြစ်ထွန်း အောင်မြင်နေသည့်အတွက် နိုင်ငံတကာဈေးကွက်အထိ တင်ပို့ ရောင်းချနိုင်ရန် အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ အလားတူ နွားနောက်မွေးမြူရေး လုပ်ငန်းကိုလည်း တိုးချဲ့ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ အရှိန် အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေ သည့် ဒေသဖွံ့ဖြိုးမှုများကို ဒေသခံ ပြည်သူများ လက်တွေ့ခံစားနေကြ ရပြီဖြစ်ပါကြောင်း၊ ဆိပ်ဖြူ-ဆော- ကန်ပက်လက်- မကွီအိမ်နူး- ပလက်ဝ လမ်းသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် များစွာ အရေးပါကြောင်း၊ လည်မျိုမြစ်တွင် မဂ္ဂါဝပ် ၆၂၀ ရှိ ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်နိုင်ရန် တိုင်းတာ ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ကျော်လွှားသွားနိုင်မည်

 

ကိုဗစ်-၁၉ ရောဂါကို များစွာ သတိထားဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း၊ အဆိုပါ ကပ်ရောဂါနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် အမိန့်နှင့် ညွှန်ကြားချက် များ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး အစိုးရနှင့်ပြည်သူ လက်တွဲ ညီညီ ပူးပေါင်းဆောင်ရွက်ပါက ကျော်လွှားသွားနိုင်မည် ဖြစ်ပါ ကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည် သာ အကောင်းဆုံးသောကုသခြင်း ဖြစ်ပါကြောင်း။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ အသက် ၁၈ နှစ် ပြည့်ပြီး ငါးနှစ်လျှင် တစ်ကြိမ်သာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့်အတွက် အဆိုပါအခွင့်အရေးကို လက်လွှတ် မခံကြစေလိုပါကြောင်း၊ ဆန္ဒမဲစာရင်း များ မှန်ကန်စွာရရှိနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း၊ အစိုးရ၏ မူဝါဒများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်နိုင်ရေးအတွက် ပြည်သူလူထု ၏ ပူးပေါင်းပါဝင်မှုသည် အဓိကဖြစ်ပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် အစိုးရ နှင့် ပြည်သူ တက်ညီလက်ညီ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ယင်းနောက် မင်းတပ်မြို့ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးလောရှိန်းအောင်က ဒေသ ဖွံ့ဖြိုးရေး လိုအပ်ချက်များဖြစ်သည့် မင်းတပ်မြို့တော်ခန်းမ တည်ဆောက် နိုင်ရေး၊ မြို့သောက်သုံးရေဖူလုံစွာ ရရှိနိုင်ရေး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံး ဖွင့်လှစ်ပေး နိုင်ရေး၊ သွားဘက်ဆိုင်ရာ ဆရာဝန် တစ်ဦး ခွင့်ပြုချထားပေးနိုင်ရေး၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ဖွင့်လှစ်ပေးနိုင်ရေး၊ ဖွဲ့စည်းပုံနှင့် အညီ ဆရာ ဆရာမများ ခန့်ထားပေး နိုင်ရေး၊ ကျောင်းအဆောက်အအုံများ ဖြည့်ဆည်းပေးနိုင်ရေးနှင့် မကွီအိမ်နူး မြို့တွင် မြို့အဆင့် ဌာနဆိုင်ရာများနှင့် အဆောက်အအုံများ ခွင့်ပြုချထားပေး နိုင်ရေးတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ပြည်နယ်ဝန်ကြီးများ ဖြစ်ကြသည့် ဦးစိုးထက်၊ ဦးရွှေထီးအိုး နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြားသည်။

 

ထောက်ပံ့ငွေပေးအပ်

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကာလအတွင်း ကန်ပက်လက်မြို့နယ် တွင် စေတနာ့ဝန်ထမ်း Volunteer ထမ်းဆောင်ခဲ့သူများအား ထောက်ပံ့ ငွေများပေးအပ်ပြီး ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်က မင်းတပ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ ငွေများ ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ် အမှာစကားပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်သည်။

 

 

သတင်းစဉ်