ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် နိုင်ငံရေးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံရေးပင်စင်များချီးမြှင့်

 

နေပြည်တော်  ဩဂုတ်  ၁၆


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)အရ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၊      ပြည်သူ့လွှတ်တော်၊     အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် များမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   ဦးစီးအဖွဲ့ဝင်များအား နိုင်ငံတော်နှင့်  နိုင်ငံသားများ၏ အကျိုးကိုသယ်ပိုးထမ်းဆောင်ကြရ သည့်   လုပ်ငန်းတာဝန်နှင့်လျော်ညီသော   ချီးမြှင့်ငွေနှင့်စရိတ်များကို ဥပဒေနှင့်အညီ ချီးမြှင့်ပေးလျက်ရှိသည်။ 

 


အဆိုပါပုဂ္ဂိုလ်များသည်   သက်တမ်းကာလ   အပြည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါက ဥပဒေအရရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကသတ်မှတ်သည့် တစ်လုံးတစ်ခဲ တည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။ ထို့ကြောင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြ သည့်   နိုင်ငံရေးရာထူးရရှိခဲ့သူများနှင့်  ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအတွက် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားခွင့်ပြုနိုင်ရန် တင်ပြလျှောက်ထားလာမှုများအား သက်ဆိုင်ရာဌာနများနှင့် လွှတ်တော်ရုံးများက လုပ်ထုံးလုပ်နည်းများ နှင့်အညီ တင်ပြလာမှုအပေါ် သတ်မှတ်ချက်များနှင့်  ကိုက်ညီသည့် နိုင်ငံရေးရာထူးရရှိခဲ့သူ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်(၉)ဦး၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်အဆင့်ပုဂ္ဂိုလ် ၅၀ ၊   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅၂ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၈ဦး၊ တိုင်းဒေသကြီး သို့မဟုတ်   ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၁၉၂ ဦး၊ စုစုပေါင်း ၄၉၁ ဦးအား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် များကို ခံစားခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထိုသို့ချီးမြှင့်ခဲ့သည့်  နိုင်ငံရေးရာထူး ရရှိခဲ့ကြသူများနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦး မှာ အောက်ပါအတိုင်းဖြစ်သည်-
    (က)    ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီမှ (၅)ဦး၊
    (ခ)    တအာင်း(ပလောင်)အမျိုးသားပါတီမှ(၆)ဦး၊
    (ဂ)    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ(၉၈)ဦး၊
    (ဃ)    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ(၂၁၇)ဦး၊ 
    (င)    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ(၄၃)ဦး၊
    (စ)    လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ(၃)ဦး၊     
    (ဆ)    ရခိုင်အမျိုးသားပါတီမှ (၃၉)ဦး၊
    (ဇ)    ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ (၄)ဦးစီဖြင့် စုစုပေါင်း(၈)ဦး၊    
    (ဈ)    မွန်အမျိုးသားပါတီနှင့် ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီတို့မှ(၂)ဦးစီဖြင့် စုစုပေါင်း (၄)ဦး၊
    (ည)    ဒီမိုကရေစီပါတီသစ်(ကချင်)၊ ကရင်ပြည်သူ့ပါတီ၊ ချင်းဒီမို ကရေစီအဖွဲ့ချုပ်ပါတီ၊  ဒီမိုကရက်တစ်  ပါတီမြန်မာ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားညီညွတ်သော   ဒီမိုကရက်တစ်ပါတီ၊  အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ(၁)ဦးစီဖြင့် စုစုပေါင်း(၁၂)ဦး၊
    (ဋ)    နိုင်ငံရေးပါတီဝင်မဟုတ်သူ(၄၃)ဦး၊
    (ဌ)    တစ်သီးပုဂ္ဂလ(၁၃)ဦး။
၎င်းတို့အား တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ခဲ့ရာ ယနေ့ထိ ငွေကျပ်သန်းပေါင်း  (၄၀၄၀)  သန်းကျော်  ခံစားခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်းနှင့်  ဆက်လက်၍လည်း သတ်မှတ်ချက်နှင့်ကိုက်ညီသူများ ကို   တစ်လုံးတစ်ခဲတည်းသော   နိုင်ငံရေးပင်စင်ခံစားခွင့်ရရှိနိုင်ရေး  စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း   သက်ဆိုင်ရာက   သတင်းရရှိ သည်။                                                                     
သတင်းစဉ်