
နေပြည်တော် ဧပြီ ၂၈
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျင်းပ သော ဒုတိယအကြိမ် သုံးဆယ့်ရှစ်ဖြာမင်္ဂလာ ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲအခမ်းအနား ကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ(မြေညီထပ်)၌ ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA)မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က သင်တန်းကာလအတွင်း သုံးဆယ့်ရှစ်ဖြာမင်္ဂလာ တရားတော်တွင်ပါရှိသည့် ပေါင်းသင်းဆက်ဆံရေး တွင် မည်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ပေါင်းသင်းရ မည်၊ ဆည်းကပ်ရမည်၊ နေထိုင်ရေးတွင် မည်သည့် အရပ်ဒေသကို ရွေးချယ်နေထိုင်ရမည် ဟူသည့် အဆုံးအမများပါဝင်ကြောင်းကို သိရှိနားလည်မည်ဟု ယုံကြည်ပါကြောင်း။
ပညာသင်ကြားရေးတွင် အသိပညာတိုးပွား အောင် လေ့လာဆည်းပူးထားရန်နှင့် အတတ်ပညာ များကို သင်ကြားထားရန် လိုအပ်ကြောင်း၊ စကား ပြောဆိုရာတွင် ယဉ်ယဉ်ကျေးကျေး၊ ချိုချိုသာသာ ပြောကြားတတ်ရန် “သုဘာသိတ”ဟု ဟောကြား ထားကြောင်း၊ မိဘဆရာသမား၊ အကြီးအကဲတို့က ပြောဆိုဆုံးမရာတွင်လည်း ဆိုဆုံးမလွယ်သူ၊ နာခံ တတ်သူဖြစ်ရန်လိုအပ်ကြောင်းကို “သောဝစဿတာ” ဟု ဟောကြားထားကြောင်း၊ သားတို့သမီးတို့အနေဖြင့် နိုင်ငံတော်အတွက် အားကိုးထိုက်၊ အားထားထိုက် သည့် သားကောင်း၊ သမီးမွန်များဖြစ်မည်ဟု အကြွင်းမဲ့ယုံကြည်ပါကြောင်း၊ သင်တန်းတွင် ပို့ချ ပေးခဲ့သည့် “ပြည်သူ့နီတိ” ဘာသာရပ်မှာလည်း ဘုရားရှင်ဟောကြားခဲ့သော အဆုံးအမဒေသနာများ နှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အများ ဆုံးအခြေခံ၍ ရေးသားပြဋ္ဌာန်းထားတဲ့အတွက် လူမှုနယ်ပယ်တွင် “နိုင်ငံကြီးသားပီသရန်” လေ့ကျင့် ပျိုးထောင်ပေးခြင်းပင်ဖြစ်ကြောင်း၊ “အမျိုးဘာသာ သာသနာတော်ကို စောင့်ရှောက်တတ်သည့် နိုင်ငံ သား ကောင်း၊ သမီးမွန်လေးများ ပေါ်ထွန်းလာစေရန်” ဟူသော သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ် ချက်နှင့်လည်း ကိုက်ညီပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း(YMBA)မှ သင်တန်းနည်းပြ ဆရာ လေးဦးနှင့် ဌာနတွင်းမှ နည်းပြဆရာမ ငါးဦး တို့ကိုဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသား ကျောင်းသူ သုံးဦးတို့ကို သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသား တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါသင်တန်း သို့ သင်တန်းသား သင်တန်းသူ ၇၀ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်