ဒလမြို့နယ်ရှိ အိမ်ထောင်စု ၄၂၀၀၀ ကျော်အား WFP မှ တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ် ထောက်ပံ့လှူဒါန်း

 

ရန်ကုန်   အောက်တိုဘာ  ၂


အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်ရှိသော အိမ်ထောင်စုများအတွက်    ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၏ လူသားချင်းစာနာမှုဆိုင်ရာ   အထောက် အပံ့အဖြစ်    စားနပ်ရိက္ခာ(ဆန်)များကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲ နွမ်းပါးမှု      အမြင့်ဆုံးမြို့နယ်များတွင် နေထိုင်သည့်   အိမ်ထောင်စုများထံသို့ တစ်အိမ်ထောင်လျှင် ၅၀ ကီလိုဂရမ် (၂၄ ပြည်ခွဲခန့်) ဆန်တစ်အိတ်စီကို လိုက်လံထောက်ပံ့လှူဒါန်းလျက်ရှိရာ ယမန်နေ့က ဒလမြို့ပေါ်ရပ်ကွက်များတွင်     လှူဒါန်းသည်။ 


WFP Myanmar ရုံးမှ တာဝန်ရှိသူ တစ်ဦးက  “ဒလမြို့နယ်အတွင်းမှာရှိတဲ့ အိမ်ထောင်စုပေါင်း  ၄၂၄၆၂ စုကို လှူဒါန်း ပေးဝေဖို့ ရည်မှန်းထားပါတယ်။ စက်တင် ဘာ ၃၀ ရက်အထိ   မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာ   စုစုပေါင်း   ၂၁  ခုမှာရှိတဲ့ အိမ်ထောင်စုပေါင်း ၁၈၃၁၆ စုကို တစ်အိမ် ထောင်  ဆန်တစ်အိတ်နှုန်းနဲ့   ပေးဝေပြီး ဖြစ်ပါတယ်။   လက်ရှိမှာလည်း  ဆက်လက် ပေးဝေနေပါတယ်။  အားလုံးပေးဝေပြီး သွားရင် ကျန်ရှိနေတဲ့ စားနပ်ရိက္ခာမပြည့်စုံ သေးတဲ့ အိမ်ထောင်စုတွေကို  ဆက်လက် လှူဒါန်းပေးဝေသွားဖို့    ရှိပါတယ်”    ဟု ပြောသည်။


မြန်မာနိုင်ငံအတွင်း  အခြေခံစားနပ် ရိက္ခာလိုအပ်ချက်ကို     ဖြည့်ဆည်းရန် ရုန်းကန်နေကြရသည့်   မိသားစုများအား ထောက်ပံ့ကူညီရန်အတွက်   ဂျပန်နိုင်ငံ အစိုးရ၏  လှူဒါန်းပံ့ပိုးမှုဖြင့်  WFP သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  ဆင်းရဲ နွမ်းပါးမှု       အမြင့်ဆုံးမြို့နယ်များတွင် နေထိုင်သည့်   အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာအထောက်အပံ့များ  ဖြန့်ဖြူး ပေးဝေခြင်းဖြစ်သည်။       ဒလမြို့နယ်၌ မြို့ပေါ်ရပ်ကွက် ၂၄ ခု၊  ကျေးရွာအုပ်စု  ၂၃ အုပ်စု၌ ကျေးရွာပေါင်း ၅၄ ရွာရှိသဖြင့် အဆိုပါ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများရှိ   နွမ်းပါးသောအိမ်ထောင်စုများအား  အိမ်ထောင်စုတစ်စုလျှင်   ဆန် တစ်အိတ်နှုန်းဖြင့်  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ပေးဝေလျက်ရှိကြောင်း သိရသည်။

နိုင်လင်းကျော်
(ပြန်/ဆက်)