
နေပြည်တော် စက်တင်ဘာ ၁
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးသည် ဩဂုတ် ၂၉ ရက်က ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့်အတူ ဒက္ခိဏသီရိစက်မှုဇုန်ရှိ ကမ္ဘာကျော် ဓာတ်မြေသြဇာစက်ရုံတွင် မြို့နယ်အတွင်း စိုက်ပျိုး ရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဒေသခံ တောင်သူများနှင့်တွေ့ဆုံပြီး စက်ရုံရှိလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က စက်ရုံတာဝန်ခံနှင့် တောင်သူများအား တွေ့ဆုံရာတွင် လူမှုစီးပွားဘဝမြင့်မားရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသဖွံ့ဖြိုး စေရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက် စေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုး မွေးမြူရေးကို အခြေခံပြီး ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာ တွင် သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ရှင်းလင်းပြောကြား သည်။
ထို့နောက် ကမ္ဘာကျော် ဓာတ်မြေသြဇာစက်ရုံမှ မန်နေးဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က စက်ရုံနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဓာတ်မြေဩဇာထုတ်လုပ်ပုံအဆင့်ဆင့်၊ ဓာတ်မြေ ဩဇာမှ သုံးစွဲနိုင်သော သီးနှံပင်များ၊ ပုံမှန်သုံးစွဲခြင်း ဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အသုံးပြုပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်းလှည့်လည်ကြည့်ရှုရာ စက်ရုံတာဝန်ခံ က လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ ကြောင်း သိရသည်။
အောင်ကိုကို (ပြန်/ဆက်)