ဒီရေရောက်သစ်တောများ ဖြစ်ထွန်းလာပါက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်

ပဲခူး   ဒီဇင်ဘာ   ၁၆


ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့ရှိ  ပင်လယ်နှင့်ထိစပ်လျက်ရှိသော ကျေးရွာများသည်  မိုးတွင်းကာလတွင် စစ်တောင်းမြစ်ရေ တိုက်စား ခြင်းခံရသည့်အပြင် ပင်လယ်ဒီရေဒီလှိုင်းများကြောင့် ကမ်းပါးပြိုပြီး စိုက်ပျိုးမြေများနှင့် ရွာမြေများ နှစ်စဉ် ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင်  ကျင်းပသည့်  ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း     သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုကော်မတီ  (၁/၂၀၂၁)  လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။


ဥပဒေနှင့်အညီ စီမံအုပ်ချုပ်နိုင်ရန်


ဆက်လက်၍ ကမ်းပါးပြိုမှုသဘာဝဘေးအန္တရာယ် ထိန်းသိမ်းကာကွယ်နိုင်ရန်    စစ်တောင်းမြစ်ဝနှင့် မုတ္တမပင်လယ်ကွေ့များတွင်   သဘာဝအလျောက် ပေါက်ရောက်နေသည့် ဒီရေတောများကို ဥပဒေနှင့် အညီ   စီမံအုပ်ချုပ်နိုင်ရန်   ဒီရေတောကြိုးပြင် ကာကွယ်တောများ သတ်မှတ်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ပေး ခြင်းနှင့်  လိုအပ်သောနေရာများတွင်  ဒီရေတော စိုက်ခင်းများ တည်ထောင်ခြင်းတို့ကို ဆောင်ရွက် ပေးသွားရမည်ဖြစ်ကြောင်း၊ ဒီရေရောက်သစ်တော များ ဖြစ်ထွန်းလာပါက ငါး၊ ပုစွန်၊ ကဏန်း စသည့် ရေသယံဇာတများသည်လည်း သဘာဝအလျောက် ရှင်သန်ပေါက်ပွားလာနိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်မည်ဖြစ်သကဲ့သို့ ကမ်းပါးပြိုမှုကို ဟန့်တား နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး  ဦးတင်သိန်းက  ပင်လယ်ကမ်းရိုးတန်း သယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း၏ အကျိုး ကျေးဇူးများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက  ပဲခူးတိုင်း ဒေသကြီး  ပင်လယ်ကမ်းရိုးတန်း   သယံဇာတစီမံ အုပ်ချုပ်လုပ်ကိုင်မှုကော်မတီ၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေကိုလည်းကောင်း၊ မုတ္တမပင်လယ်ကွေ့ စီမံကိန်းမန်နေဂျာ          ဦးသန်းထိုက်အောင်က စစ်တောင်းမြစ်ဝဒေသအတွင်း ကဝ၊ သနပ်ပင်နှင့်  ဝေါမြို့နယ်တို့ရှိ  ကျေးလက်နေပြည်သူများ၏ လူမှု ဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း  ရှင်းလင်းတင်ပြ ကြရာ ကော်မတီဝင်များက အကြံပြုဆွေးနွေးခဲ့ကြ ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်