
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ပြည်သူ့အင်အားဖြင့် တည်ဆောက်နိုင်မည်ဟု ယုံကြည်
=================================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က
(၆၅) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားသို့
ပေးပို့သည့်သဝဏ်လွှာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်
ချစ်ကြည်လေးစားအပ်ပါသော ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
ယနေ့ကျရောက်သည့် (၆၅) နှစ်မြောက်၊ ကရင်ပြည်နယ်နေ့ နေ့ထူး နေ့မြတ် အခါသမယမှာ ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွားတိုင်းရင်းသား မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေ အမှတ် ၆၂ အရ သံလွင်ခရိုင်၊ ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ် လည်းကောင်း၊ ၁၉၅၂ ခုနှစ်၊ ကရင်ပြည်နယ် တိုးချဲ့သတ်မှတ်ရေးအက်ဥပဒေ အမှတ် ၁၄ အရ သံလွင်ခရိုင်နှင့် ဆက်စပ်ဒေသဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ဘားအံမြို့နယ်နှင့် သံတောင်ကြီးမြို့နယ် (၅) မြို့နယ်ကို ကရင်ပြည်နယ်အဖြစ် ဒုတိယအဆင့် တိုးချဲ့သတ်မှတ်ခြင်းဖြင့် လည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်၊ မတ်လ (၁)ရက်နေ့တွင် မြဝတီမြို့ကို မြို့နယ် တစ်ခုအဖြစ်သတ်မှတ်ပြီး ကရင်ပြည်နယ်ကို မြို့နယ်ပေါင်း (၇)မြို့နယ်ဖြင့် လည်းကောင်း အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ သံလွင်ခရိုင်ကို ကရင် ပြည်နယ်အဖြစ်သတ်မှတ်သော ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ချက်အက်ဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးသည့် ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် စတင်သတ်မှတ် ခဲ့ရာ ယခုဆိုလျှင် (၆၅)နှစ်မြောက် တိုင်ခဲ့ပြီဖြစ်ပါသည်။
ယခင်နှစ်များက ကရင်ပြည်နယ်နေ့အခမ်းအနားနှင့် ပျော်ပွဲရွှင်ပွဲများကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သော်လည်း ယခုနှစ် တွင်မူ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် Coronavirus Disease (COVID-19)ကြောင့် လွတ်လပ်စည်ကားသိုက်မြိုက်စွာ ကျင်းပခွင့်မရကြခြင်း အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ COVID-19 ကူးစက်ပြန့်ပွားမှုကို အပြင်းအထန် ရုန်းကန်ရင်ဆိုင်နေရသည့် အချိန်ကာလဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံသည်လည်း အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေပါသည်။ ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင်
p ရှေ့ဖုံးမှ
မိမိတို့ အသိစိတ်နှင့် ကျရာကဏ္ဍအသီးသီးတွင် ပံ့ပိုးကူညီဆောင်ရွက်နေသူ များအားလည်းကောင်း၊ ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို တိကျစွာ လိုက်နာကြသည့် ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများအပါအဝင် တစ်နိုင်ငံလုံး ရှိ လူထုလူတန်းစားအလွှာအသီးသီးမှ မိဘပြည်သူများအား လည်းကောင်း အထူးကျေးဇူးတင်ရှိကြောင်း လေးလေးနက်နက် ပြောကြားလိုပါသည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်အစိုးရအနေဖြင့် လတ်တလောဖြစ်ပေါ် နေသည့် COVID-19 ကပ်ရောဂါဆိုး ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအပေါ် ဘက်ပေါင်းစုံ မှ စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။ တစ်ဖက်တွင်လည်း အေးချမ်းသာယာ ဖွံ့ဖြိုးသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ခိုင်မာစွာတည်ထောင်နိုင်ရေးကို နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဤသို့ ကြိုးပမ်းဆောင်ရွက်ရာတွင်လည်း တစ်နိုင်ငံလုံး တစ်ပြေးညီဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပြီး ကရင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး အစရှိသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး လျက်ရှိပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဟန်ချက် ညီညီလက်တွဲဆောင်ရွက်ပြီး အားလုံး၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ များနှင့် (၂၁) ရာစု ပင်လုံညီလာခံများအား ကျင်းပနိုင်ခဲ့ပြီး သဘောတူညီချက် အများအပြား ရရှိခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍လည်း အပြန်အလှန် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်နိုင်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို မလွဲမသွေရရှိမည့် ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ပြည်သူ့အင်အားဖြင့် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။
ကရင်ပြည်နယ်အနေဖြင့်လည်း နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့် တိုင်းရင်းသားပြည်သူလူထုနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ခံယူချက် ပြည့်ဝစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုများကြောင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၏အသီးအပွင့်များ ရရှိခံစားနေရပြီဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို အေးချမ်းသာယာဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ထောင်ရာတွင် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားပြည်သူများအားလုံး၏ အားကြိုးမာန်တက် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများသည် ခွန်အားတစ်ရပ်အဖြစ် ဖြစ်တည်လျက်ရှိပါသည်။ ပြည်သူတစ်ရပ်လုံး၏ အနာဂတ်မျှော်လင့်ချက်နှင့် နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်၊ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကရင်ပြည်နယ်ရှိ ပြည်သူများအပါအဝင် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသားပြည်သူ များအားလုံး စည်းလုံးညီညွတ်စွာဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေး နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲမဖြုတ် စတမ်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
ထို့အပြင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံနယ်စပ် မြဝတီတံတားအမှတ် (၂) မှ ဝင်ရောက်လာခဲ့သည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား တစ်သိန်းငါးသောင်းကျော်အား လက်ခံ၍ သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပို့ဆောင်ပေးနိုင်ရေးအတွက် ကရင် ပြည်နယ်မှ စီမံဆောင်ရွက်ပေးနေမှုများအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကရင်ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံး Coronavirus ရောဂါကပ်ဘေးမှ ကင်းဝေး၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေကြောင်းနှင့် ကရင်ပြည်နယ် အတွင်းတွင် ငြိမ်းချမ်းရေးအလင်းရောင်များ ဆက်လက်ထွန်းလင်းတောက်ပပြီး အေးချမ်းလုံခြုံ၊ သာယာဝပြောသည့် လူမှုဘဝများ တိုးတက်ဖြစ်ထွန်းအောင် ဆက်လက်ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း များတောင်းလျက် သဝဏ်လွှာပေးပို့လိုက်ပါသည်။
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ