
ရန်ကုန် အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၆)ရပ်ကွက် မေယုလမ်းထိပ် ကျန်စစ်သားလမ်းနှင့် မေယုလမ်းထောင့် ရှိ ဆောက်လုပ်နေဆဲ အဆောက်အအုံတစ်ခု အောက်တိုဘာ ၁၅ ရက်နံနက် ၉ နာရီ ၂၈မိနစ်က ပြိုကျမှု ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရေးယာဉ် နှစ်စီး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ Emergency Medical Service သူနာပြုယာဉ် နှစ်စီး၊ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့၀င်များ၊ ဌာန ချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ Lifting Vehicle Rescue Truck ယာဉ် တစ်စီး၊ တောင်ပိုင်း ခရိုင် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် တစ်စီး၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ Lifting Vehicle Rescue Truck ယာဉ် တစ်စီး၊ တာမွေမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်တစ်စီးနှင့်အတူ ပရဟိတအဖွဲ့ယာဉ်များ၊ အဖွဲ့၀င်များ၊ သူနာပြုတပ်ဖွဲ့၀င်များက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
နံနက် ၉ နာရီ ၄၅ မိနစ်တွင် အသက်ရှင်လျက် အမျိုးသား သုံးဦးကို ဦးစွာရှာဖွေကယ်ထုတ်ပေးနိုင်ခဲ့သည်။ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်မှ ၂နာရီ ၄၅ မိနစ်အတွင်း သေဆုံးသူအမျိုးသားသုံးဦးကို ထပ်မံရှာဖွေနိုင်ခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
အဆောက်အအုံမှာ နှစ်ထပ်ခွဲ Steel Structure သံမဏိရက်မပေါ် သံပြားခင်း၍ ကွန်ကရစ်လောင်း တည်ဆောက်ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ကိုကြီးတင်