
နေပြည်တော် ဇူလိုင် ၂၁
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရန် ရည်ရွယ်ပြီး Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)၏ အမှတ်စဉ်(၂၂) ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ယနေ့ဆွေးနွေးမည့်ခေါင်းစဉ်ပါ အာဆီယံဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (Regional Comprehensive Eco-nomic Partnership- RCEP) သဘောတူစာချုပ်ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ RCEP သဘောတူစာချုပ်တွင် အာဆီယံ ၁၀ နိုင်ငံနှင့် ဩစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ကိုရီးယား၊ ဂျပန် နိုင်ငံ ၁၅ နိုင်ငံပါဝင်ပြီး ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization- WTO) နှင့် ကနဦး ပူးတွဲကြေညာချက် (Joint Statement Initiative) ပြုလုပ်ထားပါကြောင်း၊ ယင်းစာချုပ်အရ မြန်မာနိုင်ငံ သည် ဒေသတွင်းနိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံများအထိ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်မည့် အခွင့်အလမ်းများရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ ၏စီးပွားရေးတိုးတက်စေရေးအတွက် ထုတ်လုပ်ခြင်း (Production)၊ ဖြန့်ဖြူးခြင်း (Distribution) နှင့် ဈေးကွက်ရရှိအောင်ဆောင်ရွက်ခြင်း (Marketing) တို့သည် အဓိကမောင်းနှင်အားများ ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာကြီးသည် စီးပွားရေးခေတ်သစ်သို့ ရောက်ရှိ နေပြီဖြစ်၍ နည်းပညာများတိုးတက်လာသည့်အပြင် စာရင်းဇယားများ (Statistic Data)၊ Artificial Intelligent- AI နည်းပညာ၊ E-Commerce၊ Digital Trade၊ E-Payment System နှင့် Cashless System များကို အသုံးပြုနေပြီဖြစ်ပါကြောင်း၊ RCEP သဘောတူ စာချုပ်၌ ခေတ်နှင့်လျော်ညီစွာ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေးအခန်း (E-Commerce) ကို ထည့်သွင်းချုပ်ဆိုထားသည့်အတွက် မြန်မာနိုင်ငံ အနေဖြင့် ကုန်သွယ်မှု၊ ကူးသန်းသွားလာမှု၊ ပို့ကုန် သွင်းကုန်တိုးတက်မှု၊ ငွေကြေးဖလှယ်မှု၊ လူမျိုးအချင်း ချင်း(People to People)နှင့် ယဉ်ကျေးမှုအချင်းချင်း (Culture to Culture) တို့တွင် ပိုမိုပူးပေါင်းဆောင်ရွက် လာနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲမှရရှိသော အသိပညာ၊ ဗဟုသုတများကို အကျိုးရှိရှိအသုံးချပြီး နိုင်ငံ၏စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်နိုင်ရေး အတွက် စွမ်းအားအပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယ ညွှန်ကြားရေးမှူးက “ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုန်သွယ်မှုမြှင့်တင် ရေးဆွေးနွေးပွဲမှ လေ့လာသိရှိခဲ့သည့် ဗဟုသုတများကို မျှဝေခြင်း” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြား ပြီး တက်ရောက်လာကြသူများက ဆွေးနွေးမှုခေါင်းစဉ် နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်၊ ဌာနဆိုင်ရာအဆင့်မြင့်အရာရှိများနှင့် အရာထမ်း / အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့်တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။ သတင်းစဉ်