
မနီလာ ဖေဖော်ဝါရီ ၂၄
ငွေကြေးဖောင်းပွမှုများနှင့် အပြင်းအထန်ရင်ဆိုင်နေရသည့် ဖိလစ်ပိုင် အနေဖြင့် အခြေအနေကောင်းများ၊ အလုပ်အကိုင်အခွင့်အလမ်းကောင်း များနှင့် အခြားအခွင့်အရေးများစွာ ရရှိနိုင်စေရန်အတွက် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူစာချုပ်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် အတည်ပြုလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်သည်။
အဆိုပါ RCEP သဘောတူစာချုပ်ကို အတည်ပြုရန်အတွက် အထက်လွှတ်တော်တွင် အင်္ဂါနေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၀၊ ဆန့်ကျင်မဲတစ်မဲနှင့် ကြားနေမဲတစ်မဲဖြင့် စာချုပ်တွင် လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ စာချုပ်ပါ သဘောတူညီချက်အရ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုပြုသည့်အခါ ကုန်ပစ္စည်းများ၏ အခွန်အကောက်နှုန်းထား ကို ၉၂ ရာခိုင်နှုန်းခန့် လျှော့ချထားသည့်အတွက် ကုန်စည်များကို နိုင်ငံ တွင်းသို့ ဈေးသက်သာစွာဖြင့် တင်သွင်း ဝယ်ယူနိုင်တော့မည်ဖြစ်သည်။
RCEP စာချုပ်သည် အာဆီယံ ၁၀ နိုင်ငံအပြင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ပါ ပါဝင်လက်မှတ် ရေးထိုးထားသော ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူစာချုပ်ဖြစ်သည်။