
နေပြည်တော် စက်တင်ဘာ ၉
နိုင်ငံတော်၌ တစ်ဦးတစ်ယောက်ချင်းစီ၏ လူမှုစီးပွား ဘဝတိုးတက်လာခြင်းဖြင့် နိုင်ငံ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထိုသို့ နိုင်ငံ့လူမှု စီးပွားတိုးတက်လာမည်ဆိုပါက နိုင်ငံတော်၏တာဝန် များကို ထမ်းဆောင်နေကြသည့်ဝန်ထမ်းများ၏ ခံစား ခွင့်များသည်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် မည်ဆိုပါက တိုင်းပြည်တိုးတက်လာမည် ဖြစ်သဖြင့် မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်စေရေး ဒေသအလိုက် တာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံ ပြည်သူများအားလုံး အတူတကွဝိုင်းဝန်းကြိုးပမ်း၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြ သည်။
ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အမှာစကား ပြောကြားရာတွင် တပ်မတော်အနေဖြင့် နိုင်ငံတော် ၏ ခေတ်အဆက်ဆက် အမျိုးသားရေးအခန်းကဏ္ဍ တွင် ပါဝင်ဆောင်ရွက်ခဲ့ရပြီး ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားလိုကြောင်း၊ ယခင် တပ်မတော်အစိုးရ လက်ထက်၊ ဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခု လက်ထက်များတွင် နှစ်စဉ်အထိမ်းအမှတ်နေ့များ၌ ဦးတည်ချက်များ၊ တပ်မတော်နေ့ဦးတည်ချက်များ ချမှတ်၍ ဆောင်ရွက်ခဲ့ကြောင်း၊ ရှေးယခင်အစိုးရများ လက်ထက်ကလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့နှင့်ပတ်သက်၍ ဦးတည်ချက်များချမှတ်ဆောင် ရွက်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့်လည်း ၎င်းတို့ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ၎င်းတို့၏မူဝါဒ များကို ရွေးကောက်ပွဲအကြိုကာလတွင် မဲဆန္ဒရှင် များအား ချပြစည်းရုံးဆောင်ရွက်ကြရကြောင်း၊ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့်ပါတီသည် အစိုးရအဖွဲ့ကိုဖွဲ့စည်း၍ နိုင်ငံတော်တာဝန်ထမ်းဆောင် ချိန်တွင် မူဝါဒများကို ချမှတ်၍ အကောင်အထည် ဖော်ကြိုးပမ်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ၎င်းတို့၏ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနှင့် နိုင်ငံ့အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်နိုင်မှုအပေါ်မူတည်၍ ၎င်းတို့ အစိုးရသက်တမ်းကုန်ဆုံး ချိန်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲ၌မဲရလဒ်များ ရရှိနိုင်မည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့်လည်း ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏ လိုအပ်ချက်အရ ဥပဒေနှင့်အညီ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ ရကြောင်း၊ စတင်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည် ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက် ခဲ့ကြောင်း၊ ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်သည့် ဦးတည်ချက်များ၊ ကိုဗစ် - ၁၉ ရောဂါနှင့် ပတ်သက် သည့် ဦးတည်ချက်များ၊ နိုင်ငံ့စီပွားမြှင့်တင်ရေး ဦးတည်ချက်များ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ဦးတည်ချက်များ၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင် ရေး ဦးတည်ချက်များ စသည်ဖြင့် ဦးတည်ချက်များကို ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း။
မိမိတို့အနေဖြင့် ဦးတည်ချက်များ ချမှတ်၍ ဆောင်ရွက်ခဲ့သဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နိုင်ငံအနေဖြင့် ထိုက်သင့် သလောက် တိုးတက်မှုများ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများရှိခြင်းကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အလားတူ ဘဏ် များပြိုလဲစေရေးအတွက် အဘက်ဘက်မှ ထိုးနှက် တိုက်ခိုက်ခဲ့ခြင်းကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ဘဏ်များပြိုလဲ သွားပါက နိုင်ငံစီးပွားကိုထိခိုက်ပျက်စီးစေမည်ဖြစ်သောကြောင့် ငွေကြေးဖောင်းပွမှုများ မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။
မိမိတို့တာဝန်မယူမီကာလအတွင်း နိုင်ငံ၏စီးပွား ရေးမှာ အနုတ် ၅ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ မိမိတို့တာဝန်ယူချိန်မှစတင်၍ ပိတ်ဆို့မှု များကြားမှ စီးပွားရေးတိုးတက်အောင်ဆောင်ရွက် ခဲ့ရာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည် ကို တွေ့မြင်ရမည်ဖြစ်ပြီး ထပ်မံ၍လည်းတိုးတက်မှု ရှိမည်ဟု ခန့်မှန်းကြောင်း၊ နိုင်ငံ၏စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ ပိုမိုတိုးတက်လာခြင်းကြောင့် နိုင်ငံ့ စီးပွားရေးမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ကုန်ဈေး နှုန်းများကြီးမြင့်ရခြင်းမှာ နိုင်ငံတကာမှ ပိတ်ဆို့မှုများ နှင့် ဝိသမလောဘသားအချို့၏ ၎င်းတို့ကိုယ်ကျိုး စီးပွားကိုသာကြည့်၍ လုပ်ဆောင်မှုများကြောင့်ဖြစ် သည်ကိုတွေ့ရကြောင်း၊ ထိုသို့ဆောင်ရွက်နေသူများ ကို ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ် ခဲ့သဖြင့် ယခုအခါ ကုန်ဈေးနှုန်းမှာ ကျဆင်းလာပြီ ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက်ဆောင်ရွက်နေချိန်၌ အဖျက်လုပ်ငန်းများ ဆောင်ရွက်နေသူများလည်းရှိကြောင်း၊ တစ်ဖက်မှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ သကဲ့သို့ တပ်မတော်အနေဖြင့်လည်း နိုင်ငံတော် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရခြင်းမှာလည်း နိုင်ငံတော်၏ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် ယိမ်းယိုင်မှုမရှိစေရေး ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါအချက်များ အောင်မြင်စေရေး တပ်မတော်သားများအနေဖြင့် လည်း အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရန် ဆောင်ရွက်ရာ တွင် မဲစာရင်းများမှန်ကန်မှုရှိအောင်နှင့် ဆန္ဒမဲပေးခွင့် ရှိသူ အားလုံးမဲပေးခွင့်ရရှိအောင် ဆောင်ရွက်ရန်လို ကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရရှိလာသည့် အချက်အလက်များအပေါ်မူတည်၍ မဲစာရင်းများ ထွက်ပေါ်လာမည်ဖြစ်ပြီး သန်းခေါင်စာရင်းများ ကောက်ယူပြီးစီးပါက ရွေးကောက်ပွဲကိုကျင်းပနိုင် မည်ဖြစ်ကြောင်း၊ မိမိတို့ပြုလုပ်သည့် ရွေးကောက်ပွဲ သည် လွတ်လပ်၍တရားမျှတပြီး စနစ်တကျရှိသည့် ရွေးကောက်ပွဲဖြစ်ရန်လိုကြောင်း၊ ပြည်သူအားလုံး ပါဝင်သည့်၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံး ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းများ အောင်မြင်စွာ ကောက်ယူနိုင်ရေး တပ်မတော်အနေဖြင့် ကူညီဆောင် ရွက်ပေးသွားရမည်ဖြစ်ပြီး နယ်မြေစိုးမိုးရေး၊ နယ်မြေ စည်းရုံးရေးအတွက် ဆောင်ရွက်နေရန်လိုကြောင်း။
မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဆောင်ရွက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နယ်မြေခံတပ်များ အနေဖြင့် နယ်မြေခံပြည်သူလူထုနှင့် တစ်သားတည်း ရှိပြီးဖြစ်၍ မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးကို အတူ တကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသနှင့် ဒေသခံ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ် မှုများအဆင်ပြေချောမွေ့စေရေးအတွက် ကားလမ်း များ၊ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်လေဆိပ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း။
တပ်မတော်သားများ၏ ပညာရည်မြင့်မားရေး နှင့်ပတ်သက်၍ ဆောင်ရွက်ခဲ့ကြောင်း၊ မှီခိုသူ ရဲမေ များအားလုံး စာတတ်မြောက်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံတိုင်းရင်းသား ပြည်သူများ “အ” သုံးလုံးသင်တန်းများကို ဖွင့်လှစ် သင်ကြား၍ စာဖတ်တတ်သူများ ဖြစ်စေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လားရှိုးမြို့တွင် စိုက်ပျိုးမွေးမြူရေးကောလိပ်ဖွင့်လှစ်ရန် စီမံဆောင် ရွက်လျက်ရှိကြောင်း၊ ဒေသခံပြည်သူလူထု၏ ပညာ ရည်မြင့်မားရေး ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တပ်မတော်သား သားသမီးများ၏ ပညာရည်မြင့်မား ရေးကိုလည်း အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့သင်ကြားထားသည့် ပညာများကိုအသုံးချ၍ တစ်ဦးချင်း၏ ဘဝတိုးတက်စေရေးဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း။
စည်းကမ်းစနစ်တကျရှိသည့် တပ်မတော်
သားကောင်းများဖြစ်စေရေးနှင့်
ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုရှိစေရေး
မိမိတို့တပ်မတော်၏ ပင်မလုပ်ငန်းတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးပင်ဖြစ်ကြောင်း၊ တပ်မတော်သားများအားလုံး တစ်ဦးချင်း၏ ထမ်းဆောင်ရမည့်လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်နေရန်လိုကြောင်း၊ တစ်ဦးချင်းဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်များကို အလေ့အကျင့်ဖြစ် အောင် နေ့စဉ်လေ့ကျင့်ဆောင်ရွက်နေရန်နှင့် သတ်မှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင် လုပ်ကိုင်ဆောင်ရွက်မည်ဆိုပါက တပ်မတော်သားကောင်းများဖြစ်လာမည်ဖြစ်ကြောင်း၊ တပ်မတော် သည် အစုအဖွဲ့ဖြင့် တာဝန်ထမ်းဆောင်ရခြင်းဖြစ် ပြီး အခြေခံအကျဆုံးအဆင့်မှစ၍ စစ်ပညာများ ကို တတ်မြောက်ကျွမ်းကျင်ထားရန် လိုကြောင်း၊ သက်ဆိုင်ရာလက်ရုံးတပ်ဖွဲ့အလိုက် သက်ဆိုင်ရာ ပညာရပ်များအားလုံးကိုလည်း တတ်ကျွမ်းအောင် သင်ကြားထားရန်လိုကြောင်း၊ ထို့ကြောင့် တပ်မတော် သားများအားလုံး မိမိတို့တာဝန်များကိုအလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။
တပ်မတော်သားများ၏ သက်သာချောင်ချိရေး အတွက် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြ ရေး တိုက်တွန်းလိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိသားစု၏စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေမည်ဖြစ်ပြီး သက်သာချောင်ချိ မှုရှိစေမည် ဖြစ်ကြောင်း၊ တပ်မတော်သားများ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို တာဝန်ရှိသူ များအနေဖြင့် စနစ်တကျ ဖော်ဆောင်ပေးသွားရန် လိုကြောင်း။
ကျန်းမာကြံ့ခိုင်ရေးနှင့်ပတ်သက်၍လည်း နေ့စဉ် ဆောင်ရွက်ရမည့် အားကစားများကို ဆောင်ရွက်နေ ရန်လိုကြောင်း၊ အားကစားများလုပ်ဆောင်ခြင်းဖြင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုများကိုရရှိစေသဖြင့် ကာကွယ် ရေးလုပ်ငန်းများတွင် အထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ အလားတူ ရဲမေများအနေဖြင့်လည်း ကျန်းမာရေးအထောက်အကူပြု အားကစားများ လုပ်ဆောင်စေလိုကြောင်း၊ ကျန်းမာရေးကိုအထောက် အကူပြုစေမည့် အားကစားများပြုလုပ်ခြင်း၊ ကျန်းမာ ရေးနှင့်ညီညွတ်သည့် စားသောက်ခြင်းများကို ဆောင်ရွက်သွားမည်ဆိုပါက ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင် ရာများ ကြံ့ခိုင်မှုရှိစေမည်ဖြစ်သဖြင့် စနစ်တကျ ဖြင့် နေထိုင်သွားကြရန်လိုအပ်ကြောင်း မှာကြားပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက်များကို မေးမြန်း၍ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကိုပေးအပ်ရာ တိုင်းမှူးကလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးက လည်းကောင်း လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ကျန်းမာရေးအခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ လက်ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်