Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး

အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်း

===================================================================================================================================================================

 

ကိုဗစ်-၁၉ ရောဂါ ကြားထဲကနေ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင်နဲ့ ဖြစ်မြောက်အောင်လုပ်ပေးကြတဲ့ ပြည်သူ လူထုအားလုံးကို အင်မတန်မှ ကျေးဇူးတင် ပါတယ်။ အထူးပဲ ဂုဏ်ပြုပါတယ်လို့ ပြောရင်းနဲ့ စချင်ပါတယ်။ အခု ရွေးကောက် ပွဲမှာဆိုရင် ပြည်သူတွေ လုံလုံခြုံခြုံနဲ့၊ ကျန်းမာရေးဘက်က လုံလုံခြုံခြုံနဲ့ မဲပေး နိုင်ဖို့အတွက် ကျွန်မတို့အင်မတန်မှကြိုးစားခဲ့ပါတယ်။ ကြိုးစားခဲ့ရကျိုးလည်းနပ်တယ် လို့လည်း ကျွန်မတို့က မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကလည်း တက်တက်ကြွကြွနဲ့ ပါဝင်တယ်၊ မဲပေးကြ တယ်။ အစီအစဉ်တွေကလည်း အင်မတန်မှ စနစ်ကျတယ်၊ အင်မတန်မှ ကျေနပ်ဖွယ်ရာ ကောင်းတယ်ဆိုတဲ့ အသံတွေလည်း ကြားရ လို့ ကျွန်မတို့အနေနဲ့ အင်မတန်မှလည်း အားရပါတယ်။ ဒီလို ဖြစ်မြောက်ရေးအတွက် ကို ကျေးဇူးတင်ရမှာကတော့ ပထမဦးဆုံး ကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပေါ့။ နောက်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ ဌာန အသီးသီးပေါ့။ ဒါပေမယ့် ပထမဦးဆုံး ကတော့ ပြည်သူပေါ့။ အားလုံးအထက်က တော့ပြည်သူပဲ။ ပြည်သူသာလျှင် အဓိက၊ ပြည်သူမပါဘဲနဲ့ ဘာမှအောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခုရွေးကောက် ပွဲမှာ အောင်အောင်မြင်မြင် ဖြစ်တာလည်း ပြည်သူကြောင့်ပါပဲ။

 

ရွေးကောက်ပွဲဆိုတော့ ရွေးကောက်ပွဲ အကြောင်းပဲ အခုပြောချင်ကြတာပေါ့။ ဒါပေမယ့် ကျွန်မအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌအနေနဲ့ ပြောနေတယ်ဆိုတော့ ကိုဗစ် - ၁၉ အကြောင်းပဲ ပြောပါမယ်။ ရွေးကောက်ပွဲ အကြောင်းကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သင့်တော်တဲ့အချိန်မှာ ပြောမှာဖြစ်ပါတယ်။ ကျွန်မတို့အခုဆိုရင် စိန်ခေါ်မှုကြီး (၂)ခုပေါ့။ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပရေးနဲ့ ကိုဗစ်- ၁၉ ကို အောင်မြင်စွာကျော်လွှားရေး၊ ဒီနှစ်ခုကိုကြည့်တဲ့အခါ တစ်ခုကိုတော့ ကျော်လွှားခဲ့ပြီ၊ နောက်တစ်ခုကိုတော့ အောင်မြင်စွာ ကျော်လွှားအောင်လို့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အဲဒါကိုလည်း ပြည်သူ တွေရဲ့ စိတ်ဓာတ်နဲ့ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အောင်မြင်မယ်လို့ ကျွန်မတို့ ယူဆပါတယ်။ သိတဲ့အတိုင်း ပဲ တစ်ပတ်၊ နှစ်ပတ်အတွင်းမှာဆိုရင် ကိုဗစ် - ၁၉ ပြန့်ပွားမှုဟာ တန့်နေတဲ့ သဘောရှိပါတယ်။ ဒါပေမယ့် သေသေချာချာ ကျအောင်လို့ လုပ်ဖို့ဟာ အများကြီးလိုပါ သေးတယ်။ ဒါလည်း အားလုံးပူးပေါင်းပြီး ဆောင်ရွက်ကြ မယ်လို့ ယုံကြည်ပါတယ်။ ဒီဟာနဲ့ပတ်သက်ရင် ကိုဗစ် - ၁၉ ကြောင့် ရွေးကောက်ပွဲကာလမှာ ကန့်သတ်ချက်တွေထားရပါတယ်။ အဲ့ဒါကိုလည်း တချို့ ပြည်သူတွေက မဝံ့မရဲဖြစ်ခဲ့တယ်ဆိုရင် ကျွန်မအနေနဲ့ တောင်းပန်ပါတယ်။ ရွေးကောက်ပွဲမှာဆိုတော့ အားလုံး က တက်တက်ကြွကြွနဲ့ ကိုယ့်ရဲ့ဆန္ဒကိုထုတ်ဖော် ပြောချင်တယ်။ ရွေးကောက်ပွဲမတိုင်မီကာလမှာလည်း ဒီလိုပဲထုတ်ဖော်ပြောချင်ကြတယ်။ ရွေးကောက်ပွဲ ပြီးတဲ့ အခါကျတော့လည်း လူစုလူဝေးနဲ့ ရလဒ်တွေကို နားထောင်ချင်ကြတယ်။ နောက်ပြီးတော့ ဆွေးနွေးချင် ကြတယ်။ ဒါတွေကတော့ အင်မတန်မှ သဘာဝကျပါ တယ်။ သို့သော်ငြားလည်း ကျန်းမာရေးလိုအပ်ချက်အရ ကျွန်မတို့အနေနဲ့ ဒီလို လူစုလူဝေးလုပ်ခြင်းကို ရှောင်ကြဉ်ပါဆိုပြီးတော့ မေတ္တာရပ်ခံခဲ့ရပါတယ်။ အဲဒါကိုလည်း ပြည်သူလူထုအနေနဲ့ လိုက်လျောပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ လူစုလူဝေးတွေက တော့ ဖြစ်ခဲ့တာလေးတွေလည်းရှိပါတယ်။ ဒါကတော့ မလွှဲမရှောင်သာဘူးလို့ပဲ ကျွန်မတို့ ဒီလိုပဲ ကြည့်ရပါတယ်။ ရွေးကောက်ပွဲကာလမှာ ဒီလောက်ဖြစ်တယ်ဆိုတာကတော့ သိပ်ပြီးတော့ အံ့အားသင့်စရာအကြောင်း မရှိပါဘူး။

 

နောက်တစ်ခုကလည်း ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေ၊ ကန့်သတ်ချက်တွေကြောင့် မဲမပေးနိုင်ခဲ့တဲ့ ပြည်သူတွေကိုလည်း ကျွန်မအနေနဲ့ တောင်းပန်ချင်ပါတယ်။ ဥပမာဆိုရင် ရွေးကောက်ပွဲနဲ့ အင်မတန်မှနီးတဲ့ ရွေးကောက်ပွဲမတိုင်မီ (၁)ရက်၊ (၂)ရက် မှာ Quarantine ဝင်ရတဲ့ သူတွေ၊ ဒါမှမဟုတ် ဆေးရုံတက် ရတဲ့သူတွေ အဲဒီလို ပြည်သူတွေအတွက် ကျွန်မတို့က မဲပေး ဖို့ စီစဉ်ပေးဖို့အချိန်မရှိလို့ မစီစဉ်နိုင်ခဲ့ပါဘူး။ နောက်ပြီးတော့ လည်း အသွားအလာကန့်သတ်ချက်တွေကြောင့် ဥပမာ ဆိုရင် ကျွန်မနားလည်သလောက်တော့ မူဆယ်မှာ ပိတ်မိ နေတဲ့ ယာဉ်မောင်းတွေဟာ ရွေးကောက်ပွဲမှာ မဲမပေးခဲ့ရ လို့ စိတ်မကောင်းကြဘူးလို့ ကြားရပါတယ်။ ဒါလည်း ကျွန်မစိတ်မကောင်းပါဘူး။ ဒါပေမယ့် ဒီအချိန်မှာတော့ ဒီလိုအသွားအလာအကန့်အသတ်တွေ လုပ်ထားတဲ့အခါ ကျတော့ အားလုံးအတွက် စီစဉ်ပေးဖို့ဆိုတာ နည်းနည်း ခက်ခဲသွားပါတယ်။ ဒါပေမယ့် ကျွန်မပြောသလိုပဲ ရွေးကောက်ပွဲကိစ္စကတော့ ကျန်းမာရေးစည်းမျဉ်း စည်းကမ်းတွေနဲ့ ကိုက်ညီစွာ ကျော်လွှားခဲ့ပါပြီ။

 

နောက်လာမယ့်အပတ်တွေမှာ ကျွန်မတို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါကို ကျော်လွှားရေး၊ အောင်နိုင်ရေးကို အထူးအလေးထားပြီးတော့ လုပ်သွားကြမှာဖြစ်ပါတယ်။ လုပ်ဖို့လည်း လိုပါတယ်။ ခဏခဏကျွန်မပြောတဲ့အတိုင်းပဲ ကာကွယ်ဆေးတစ်ခုကတော့ ပေါ်ဖို့ဆိုတာလည်း သိပ်မကြာတော့ဘူးလို့ မှန်းဆပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာ သတိထားဖို့လိုပါတယ်။ သတိထားမှပဲ ကျော်လွှားနိုင်မှာပါ။ အခုကနေစပြီးတော့ ပြည်သူတွေ အနေနဲ့လည်း ကိုဗစ်နောက်ပိုင်းကာလမှာ ဘယ်လို စီးပွားရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်မယ်ဆိုတာကို ပိုပြီး တော့ စိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ်။ ဒီရက် သတ္တပတ်ကနေစပြီးတော့ ကျွန်မတို့ အခြေခံပြည်သူများ အတွက် ပံ့ပိုးမှုအစီအစဉ်တွေကို စပြီးလုပ်ပါမယ်။ အရင် ရက်သတ္တပတ်တုန်းကလုပ်ဖို့ အဆင်သင့်ရှိပေမယ့်လည်း ရွေးကောက်ပွဲကိစ္စတွေရှိနေလို့ ကျွန်မတို့ မလုပ်ဖြစ်တာ ဖြစ်ပါတယ်။ အဲဒီတော့ စတုတ္ထမြောက်ပံ့ပိုးခြင်း အစီအစဉ် ကို ဒီရက်သတ္တပတ်မှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ကိုဗစ်နောက်ပိုင်းကာလမှာ စီးပွားရေး မကျဆင်းအောင်လို့၊ စီးပွားရေးပြန်ပြီးတော့ တက်လာ အောင်လို့ လုပ်ရမယ့်အစီအစဉ်တွေကိုလည်း ပြည်သူ တွေနဲ့ မျှဝေပြီးတော့ ပြည်သူတွေရဲ့ ပါဝင်ပူးပေါင်းမှုနဲ့ အောင်မြင်အောင်လုပ်ဖို့ ကျွန်မတို့ ရည်ရွယ်ထားပါတယ်။ အောင်လည်း အောင်မြင်မယ်လို့ပဲ ကျွန်မအနေနဲ့ မှန်းဆ ပါတယ်။

 

ကျွန်မတို့ကြည့်လိုက်တဲ့အခါမှာ ကိုဗစ်ရောဂါရရှိတဲ့ ပြည်သူတွေထဲမှာ ဆုံးပါးမှုနှုန်းကလည်း တန့်နေပါတယ်။ မတက်သွားပါဘူး။ နည်းနည်းလေးကျလာတယ်လို့ ကျွန်မတို့ ခန့်မှန်းရပါတယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူ တွေအနေနဲ့ ကြံ့ကြံ့ခိုင်ခံနိုင်ဖို့နဲ့ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ကြပါ။ အခြေခံကျန်းမာရေးကောင်းရင် ကိုဗစ် ရောဂါကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှားနိုင်မယ် ဆိုတာတော့ အများသိပြီးသားလို့ ထင်ပါတယ်။ နိုင်ငံ တော်တော်များများမှာ အခုက ဘယ်နံပါတ်လှိုင်းမှန်းတောင်ပြောလို့မရအောင် တစ်ကျော့ပြီးတစ်ကျော့ ဖြစ်နေတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီရောဂါ အခြေအနေကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် ထိန်းချုပ်နိုင်ပြီလို့ ဆိုလို့မရသေးပါဘူး။ ကျွန်မတို့နိုင်ငံမှာ ဒီလောက်အထိ ထိန်းထားနိုင်တာလည်း ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပါတယ်။ ပြည်သူတွေ မဆောင်ရွက်ရင်၊ ပြည်သူတွေ မပါဝင်ရင်တော့ ဒီဟာကို အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ကျွန်မအနေနဲ့ ဒီလိုပြောရတာအားနာတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီအချိန်မှာ ရွေးကောက်ပွဲအကြောင်း ဆွေးနွေး ချင်တဲ့ ပြည်သူတွေက ကိုဗစ်အကြောင်းပဲ နားထောင် နေရမှာလားလို့ စိတ်ထဲမှာဖြစ်မှာကိုလည်း အားနာမိပါ တယ်။ ဒါကတော့ တာဝန်အရ ကျွန်မပြောရမယ့်ကိစ္စ ပါ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲ နဲ့သက်ဆိုင်တဲ့သူတွေက ပြောပါလိမ့်မယ်။ ဒါကြောင့် ကျွန်မဒီနေ့တော့ တိုတိုတုတ်တုတ်နဲ့နိဂုံးချုပ်ပါတယ်။

 

ကျွန်မတို့ရဲ့ အံ့မခန်းတာဝန်ကျေတဲ့ပြည်သူတွေအားလုံး ကျန်းမာချမ်းသာကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။