စည်းရုံးရေး အတတ်ပညာ

Type

 

မောင်မောင်လင်း(သံအမတ်ကြီး) 
 

 

လူတွေဟာ တစ်ဦးတစ်ယောက်တည်း နေထိုင်လို့ မရဘဲ အစုအဖွဲ့ထဲမှာနေထိုင်ရပါတယ်။ အလုပ်လုပ်တဲ့ သူဆိုရင်တော့ လုပ်ငန်းခွင်ပေါ့။ မဟုတ်တောင် လူမှု ဝန်းကျင် အသိုက်အဝန်းထဲမှာပေါ့။  နောက်ဆုံး ကိုယ့်မိသားစုလေးထဲမှာပေါ့။  ဒါကြောင့် မိသားစုဆိုတာ လူ့အဖွဲ့အစည်းရဲ့ အသေးငယ်ဆုံးသော အစိတ်အပိုင်း လို့ သတ်မှတ်ကြတာပေါ့။  
လူတစ်ဦးချင်းစီပေါင်းစပ်ပါဝင်နေတဲ့ အသင်းအဖွဲ့ အစည်းတွေရဲ့ ပြုမူလုပ်ကိုင်ဆောင်ရွက်မှုကို လေ့လာ ရတဲ့ Organizational Behavior (OB) ဘာသာရပ်ဟာ MBA သင်ရိုးမှာ အရေးပါတဲ့ဘာသာရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဖွဲ့အစည်းတစ်ရပ် မဖြစ်ပေါ်ခင် အဖွဲ့ (Group) နဲ့   အသင်း (Team)   ရှိလာပြီးမှ Organization နဲ့ Institution တွေ ဖြစ်လာရတာပါ။
လုပ်ကိုင်ချင်တဲ့သူ၊ မလုပ်ချင်တဲ့သူ နှစ်မျိုးကွဲပြား
အဖွဲ့အစည်းတိုင်းမှာ သက်ဆိုင်တဲ့တန်ဖိုး၊ စံနှုန်း စသည်ဖြင့် ရှိလာပြီး  အဲဒီကနေ  Organizational Culture ဖြစ်လာပါတယ်။ ဒါမှ သူလိုချင်တဲ့ ရည်မှန်း ချက်ပန်းတိုင် (Goal and Objective) ကို ပေါက်မြောက် နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို ပေါက်မြောက်နိုင်ဖို့ဆိုရင် အဖွဲ့အစည်းမှာပါရှိတဲ့ လူတစ်ဦးချင်းစီရဲ့ အပြုအမူ တွေကို လုပ်ငန်းခွင်၊ တစ်နည်း အဖွဲ့အစည်းအတွင်းမှာ ပေါင်းစပ်ဆောင်ရွက်ပေးဖို့ လိုအပ်ချက်ရှိလာပါတယ်။ Interpersonal Behavior  ကဏ္ဍမှာ   လူတွေဟာ အချင်းချင်းပူးပေါင်း လုပ်ကိုင်ချင်တဲ့သူ၊ မလုပ်ချင်တဲ့သူ ဆိုပြီး နှစ်မျိုးကွဲပြားသွားပါတယ်။ 
အဲဒီနှစ်မျိုးထဲမှာပဲ ကွဲပြားခြားနားတဲ့ အပြုအမူ ရှိသူ ငါးမျိုး ထပ်မံခွဲထွက်လာပါတယ်-
(၁)    အဖွဲ့အစည်းနဲ့ တစ်သားတည်းဖြစ်မှု။
အဲဒီလူမျိုးတွေက   အဖွဲ့အစည်းဟာ  သူ့အတွက် အရာရာဖြစ်ပြီး တာဝန်ပေးအပ်သည်ဖြစ်စေ၊ မပေးအပ် သည်ဖြစ်စေ အဖွဲ့အစည်းအကျိုးရှိမယ်ဆိုရင် ကိုယ့် အကျိုးကို ထည့်မတွက်ဘဲ အနစ်နာခံပြီး လုပ်ကိုင်  ဆောင်ရွက်နေတဲ့လူမျိုးဖြစ်ပါတယ်။
(၂)    ပူးပေါင်းဆောင်ရွက်မှု။ 
ကိုယ်တိုင်ရဲ့အကျိုးနဲ့ အခြားသူရဲ့အကျိုးအတွက် ရှေးရှုပြီး လိုအပ်ချက်ရှိလာချိန်မှာ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင် ပူးပေါင်းဆောင် ရွက်လုပ်ဆောင်သူများ ဖြစ်ပါတယ်။
(၃)    အနိုင်ရလိုစိတ်ရှိမှု။ 
အဲဒီလိုစိတ်ထားရှိနေတဲ့ လူတစ်ဦးချင်း သို့မဟုတ်  အဖွဲ့တစ်ခုခုဟာ မိမိအကျိုး ရှိဖို့  လိုအပ်ရင်အခြားသူကို   ချနင်းဖို့  ဝန်လေးမှာ  မဟုတ်တဲ့အတွက်  ပူးပေါင်း ဆောင်ရွက်မှု ရရှိဖို့ခက်ခဲပါတယ်။ အခန့်မသင့်ရင် အဖွဲ့အစည်းရဲ့  ပန်းတိုင်တောင်  ပျောက်သွားနိုင်လို့    ပေါင်းစပ်ညှိနှိုင်းမှု   လုပ်ပေးရပါတယ်။ ဥပမာအားဖြင့် ပြိုင်ဘက် နှစ်ခုဖြစ်တဲ့ Apple နဲ့ Samsung   တို့ဟာ   နှစ်ဖက်စလုံး  အကျိုးအမြတ်ရရှိနိုင်မယ့် စီမံကိန်း အချို့ကို ပူးပေါင်းဆောင်ရွက်တာမျိုး၊ နိုင်ငံရေး ပြိုင်ဘက်တွေ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဆောင်ရွက် တာမျိုး ဖြစ်ပါတယ်။
(၄)    ပဋိပက္ခရှိမှု။ 
တစ်ဦးချင်း သို့မဟုတ် အစုအဖွဲ့ ရဲ့ အကျိုးစီးပွား မကိုက်ညီတော့ဘူးဆိုရင်  ပဋိပက္ခဟာ    မလွဲဧကန် ဖြစ်လာပါတယ်။  ဒါဟာ  သဘာဝပါ။     အားလုံးအမြဲတမ်း  တူညီဆန္ဒဖြစ်နေရမယ်လို့လည်း မရှိရပါ။  အမြင် ကွဲပြားမှုတွေကနေ  အကြံဉာဏ်ကောင်းတွေ ရရှိနိုင် တဲ့အတွက် ပဋိပက္ခဖြစ်မှုအပေါ် လက်ခံသင့်ပါတယ်။ ဒါပေမယ့် ဝေဖန်ပြောဆိုရာမှာတော့ အကျိုးပြုတဲ့ ဝေဖန်ပြောဆိုမှု  ဖြစ်သင့်ပြီး အကျိုးမဲ့အပြစ်တင်မှုကို ရှောင်လွှဲမှသာ ကြီးမားသော ပဋိပက္ခဖြစ်မှုမျိုးနဲ့ မကြုံတွေ့ရမှာ ဖြစ်ပါတယ်။
 ဆိုးကျိုးမဖြစ်သွားအောင် စီမံဖို့လို
ပဋိပက္ခတစ်ခုပေါ်ပေါက်လာရင် ကောင်းကျိုးရှိပြီး ဆိုးကျိုးမဖြစ်သွားအောင် စီမံခန့်ခွဲရာမှာ အပြန်အလှန် လေးစားဆက်ဆံမှုပုံစံကို    ကောင်းမွန်မှန်ကန်စွာ အသုံးချဖို့ လိုအပ်ပါတယ်။ အဲဒီပုံစံအရ မိမိဘက်ကပဲ အနိုင်ယူတဲ့ Compete အပြုအမူလုပ်မလား၊ နှစ်ဖက် လုံးကျေနပ်နိုင်တဲ့   ပူးပေါင်းဆောင်ရွက်မှု   (Collaborate)  လုပ်မလား၊ အဖွဲ့အစည်းရဲ့ ပန်းတိုင်ကို နှောင့်နှေးသွားစေမယ့် ရှောင်ကြဉ်မှု  (Avoiding)  လုပ်မှာလား၊ ပန်းတိုင်ပေါက်မြောက်သွားအောင် လိုက်လျောမှု (Accommodate) လုပ်ကြမလား။ ဒါဆိုရင်တော့   သူ့ဘက်ကိုယ့်ဘက်   မျှတအောင် ဆွေးနွေးညှိနှိုင်းမှု (Compromise)  လုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်ပဲကျေနပ်အောင် လုပ်ဆောင် လိုစိတ် အနည်း/ အများ   အစွန်းနှစ်ပါးနဲ့    ပူးပေါင်း ဆောင်ရွက်ခြင်း/ မဆောင်ရွက်လိုခြင်း   ဆိုတဲ့အစွန်း နှစ်ပါးကို Compromise လုပ်ပေးနိုင်မှသာ  Collaborate နဲ့ Accommodate ရရှိပြီး ပဋိပက္ခကို ကျော်လွှားအောင်မြင်နိုင်မှာဖြစ်ပါတယ်။
(၅)    အဖွဲ့အစည်းနှုန်းစံနဲ့ သွေဖည်မှု ။ 
ဖီလာဆန့်ကျင် တဲ့အပြုအမူရှိသူဖြစ်ပြီး အဖွဲ့ အစည်းရဲ့တရားဝင် ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း တွေကို ဖောက်ဖျက်ကျူးလွန်တဲ့ အပြုအမူမျိုးတွေဟာ ယေဘုယျအားဖြင့်တော့ အနုတ်လက္ခဏာ ဆောင်ပါ တယ်။ Desctructive Orgnizational Deviance များတွင် အဖွဲ့အစည်းနဲ့ လူမှုဝန်းကျင်က  သတ်မှတ် ထားတဲ့နှုန်းစံတွေကို ဖောက်ဖျက်ခြင်း၊ လုပ်ငန်းခွင် အတွင်းမှာ    ရိုင်းစိုင်းကြမ်းတမ်းစွာ    ဆက်ဆံခြင်း၊ ဗိုလ်ကျခြင်းတွေသာမက Cyberloafing လို့ခေါ်တဲ့ အလုပ်ချိန်အတွင်း  ဖေ့စ်ဘုတ်သုံးနေတာမျိုးကိုပါ  ထည့်သွင်းထားပါတယ်။  အဖွဲ့အစည်းရဲ့   နှုန်းစံကို   ချိုးဖောက်သလိုဖြစ်ပေမယ့်  လူ့အဖွဲ့အစည်းနဲ့ လူမှု အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှု အပေါ် ကောင်းကျိုးရှိစေတဲ့  ရှားရှားပါးပါး Whistle Blowing  အပြုအမူမျိုးကိုတော့   Constructive  Organizational  Deviance  လို့   သတ်မှတ်ထားပါတယ်။ 
ဒါဆိုရင် အသင်းအဖွဲ့တစ်ခုကို ဦးဆောင်မှုပေးရတဲ့ အကြီးအမှူး၊ ခေါင်းဆောင် တစ်ဦးအနေနဲ့ အဖွဲ့မှာ ပါဝင်တဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေကို မိမိဘက်  ပါလာပြီး   အသင်းအဖွဲ့ရဲ့    ရည်မှန်းချက်ပန်းတိုင် ပေါက်မြောက်အောင်ဖော်ဆောင်ရာမှာ အားကိုး အားထားပြုနိုင်သူများ ဖြစ်လာစေဖို့ စည်းရုံးလှုံ့ဆော်မှု ပြုနိုင်ရမှာဖြစ်ပါတယ်။ 
စည်းရုံးရေးစွမ်းရည်နဲ့ စပ်လျဉ်းပြီး ဗုဒ္ဓမြတ်စွာ ဘုရား ဟောကြားခဲ့တဲ့ သင်္ဂဟ ဝတ္ထု လေးပါးအရ 
(က)    ပေးကမ်းလှူဒါန်းခြင်း၊ 
(ခ)    နူးညံ့ ကြင်နာချစ်ဖွယ်စွာပြောဆိုခြင်း၊ 
(ဂ)    အရေးကိစ္စများတွင် ကူညီလုပ်ဆောင်ပေး
    ခြင်း၊ 
(ဃ)    တန်းတူ ဆက်ဆံခြင်းဆိုတဲ့ အချက်လေး ချက်ကြောင့် စည်းရုံးရေးစွမ်းရည် မြင့်တက် စေမယ်လို့ နာယူရပါတယ်။
အထူးထင်ရှားကျော်ကြား
ဘုရားရှင်လက်ထက်က မင်းသားလေးတစ်ပါးဟာ အခြွေအရံအသင်းအပင်း လွန်စွာများပြားပြီး  စည်းရုံး ရေးအတတ်ပညာမှာ  အထူးထင်ရှားကျော်ကြားပါ တယ်။ တစ်နေ့ ဘုရားရှင်ထံ လာရောက်ဖူးမြော်စဉ် ဗုဒ္ဓမြတ်စွာဘုရားက လူတွေကို ဘယ်လိုစည်းရုံးထား တာလဲလို့ မေးမြန်းပါတယ်။ မင်းသားလေးက ဗုဒ္ဓ ဟောကြားခဲ့တဲ့   သင်္ဂဟဝတ္ထု    လေးပါးအတိုင်း လိုက်နာကျင့်သုံးကြောင်း၊ သူ့အနေနဲ့ Personalization ထပ်လုပ်ပြီး လူတွေကို အုပ်စုလေးစုခွဲလိုက် ကြောင်း၊  ပေးကမ်းစွန့်ကြဲတာ   ကြိုက်တဲ့သူကို ပေးကမ်းကြောင်း၊ စကားချိုချိုသာသာဆက်ဆံတာ ကြိုက်တဲ့သူကို အဲဒီလိုပြောဆိုကြောင်း၊ အရေးကိစ္စ ပေါ်လို့အကူအညီပေးတာ ကြိုက်တဲ့သူကို လုပ်ဆောင် ပေးလိုက်ကြောင်း၊ တန်းတူဆက်ဆံတာကြိုက်တဲ့သူကို လေးစားမှုနဲ့ဆက်ဆံကြောင်း ပြန်လည်ဖြေကြားခဲ့ပါ တယ်။ ဒါ့အပြင် သူဟာ  ဓနဥစ္စာကြွယ်ဝဂုဏ်ရှိတဲ့ မင်းသားဖြစ်လို့သာ လူတွေက အခုလို သူ့ကိုဝန်းရံ နေတာလို့လည်း ဖြည့်စွက် ဖြေကြားခဲ့ပါတယ်။
အဲဒီကနေ ဘယ်လိုဖော်ထုတ်တွေ့ရှိရလဲဆိုတော့ မိသားစုဝင်တွေဖြစ်တဲ့မိဘ၊ ညီအစ်ကို မောင်နှမထဲမှာ တောင် မင်းသားလေးလို စည်းရုံးရေးစွမ်းရည်ရှိမှ ချစ်ခင်မေတ္တာ   ပိုရမယ်ဆိုတာ  အားလုံးအသိပါ။ သွေးမတော်သားမစပ်သူများနဲ့ ဖွဲ့စည်းထားတဲ့အသင်း အဖွဲ့အစည်းတွေဆိုရင် ပိုဆိုးမှာပေါ့။ 
ကမ္ဘာ့အလယ်မှာပါ ဩဇာညောင်း
 နိုင်ငံတစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်လည်း မိမိ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနဲ့  ကမ္ဘာ့နိုင်ငံများအပေါ် ဩဇာညောင်းဖို့ဆိုရင် မင်းသားလေးလိုပဲ Official Development  Assistant – ODA   လှူဒါန်း ထောက်ပံ့ခြင်းတွေကိုပေးရမယ်။ နှစ်လိုဖွယ်ချစ်ခင်တဲ့ စကားတွေ ပြောဆိုရမယ် (အခြားနိုင်ငံတွေရဲ့နေ့ထူး နေ့မြတ်တွေမှာ သဝဏ်လွှာပေးပို့တာမျိုး)။ အရေးကိစ္စ ရှိရင်  အကူအညီပေးရမယ်    (ယခုဖြစ်ပေါ်နေတဲ့ တူကီယဲ၊ ဆီးရီးယားငလျင်မှာ   Rescue   Team လွှတ်ပေးတာမျိုး)။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံအကြား တန်းတူရည်တူ   ဆက်ဆံရမယ်   (ကုလသမဂ္ဂနဲ့ အာဆီယံပဋိညာဉ်များအတိုင်း)။ အဲဒီလိုလုပ်ဆောင် နိုင်ဖို့ဆိုရင်  နိုင်ငံရဲ့   ဓနဥစ္စာကြွယ်ဝချမ်းသာမှု (Wealth/ Growth/ Development- Economic Might) ဟာ မြင့်မားရမယ်။ ဒါမှဒေသတွင်း သာမက ကမ္ဘာ့အလယ်မှာပါ အမှန်တကယ်ဩဇာညောင်းလာမှာ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။
ဗုဒ္ဓမြတ်စွာရဲ့ သင်္ဂဟဝတ္ထုလေးပါးအကျယ်ကိုတော့ ပါမောက္ခချုပ်ဆရာတော် ဟောကြားခဲ့တဲ့ “ချမ်းသာစွာအိပ်စက်ခြင်းအကြောင်း” တရားတော်မှာ နာယူ နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက် ရပါတယ်ခင်ဗျား...။    ။