စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် နှစ်ထပ်စာသင်ဆောင်နှစ်ဆောင်နှင့် ဌာနသစ်လေးခု တိုးချဲ့ဖွဲ့စည်း

 

 

နေပြည်တော် ဒီဇင်ဘာ ၂၂

 

စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် RC နှစ်ထပ်စာသင်ဆောင်နှစ်ဆောင်နှင့် ဌာနသစ်လေးခုတိုးချဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက စိုက်ပျိုးရေးတက္ကသိုလ် နှစ်ထပ်စာသင် ဆောင် ခန်းမ(၂)၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက နိုင်ငံတော်၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍများတွင် လိုအပ်သည့် အရည်အသွေး အရည်အချင်းရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက် မပြတ် မွေးထုတ်ပေးနိုင်ရန် မိမိတို့ ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များ၊ ကောလိပ်များ၊ သင်တန်းကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းဆောင်သစ်များ၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးဆောင်ရွက်သကဲ့သို့ ဘာသာရပ်အသစ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင် ဆရာ၊ ဆရာမ စသည့် လိုအပ်ချက်များကို တစ်ချိန်တည်း တစ်ပြိုင်တည်း အရည် အချင်းမွမ်းမံ မြှင့်တင်ပေးခြင်းဖြင့် နိုင်ငံတကာတက္ကသိုလ် များနှင့် ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်ကြီးများအဖြစ် ရပ်တည်နိုင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယနေ့ဖွင့်လှစ်သည့် RC နှစ်ထပ် စာသင်ဆောင် နှစ်ဆောင်တွင် ရုံးခန်း၊ စာသင်ခန်းမနှင့် လက်တွေ့ခန်းများ ပါဝင်ပြီး ဌာနသစ်လေးခုအနေဖြင့် တိုးချဲ့ပညာပေးရေးဌာန Agricultural Extension ၊ သီးနှံဆိုင်ရာ မိုက်ခရိုဇီဝ နည်းပညာဌာန Plant Microbiology ၊ အပင်ဇီဝနည်းပညာ ဌာန Agricultural Biotechnology ၊ အစားအစာဆိုင်ရာ သိပ္ပံနှင့်နည်းပညာဌာန Food Science and Technology စသည့် ဌာနလေးခုကို တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဌာနသစ်လေးခုအတွက် လိုအပ်သည့် ဓာတ်ခွဲခန်း ပစ္စည်းများ ဖြည့်တင်းမှုအား ဌာနခွင့်ပြုရန်ပုံငွေဖြင့် လည်းကောင်း၊ မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့်လည်းကောင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှစ၍ JICA-TCP Phase-2 ၏ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပညာရှင်များအတွက် Common Lab အား ယင်းအဆောက်အဦတွင် ဆက်လက်အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်