စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ပြည်ပစျေးကွက်ရှိသော စပါးမျိုးကောင်းမျိုးသန့်များ မျိုးပွားထုတ်လုပ်

 

နေပြည်တော်   သြဂုတ်  ၁၉


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦး သည်    ယနေ့ ညနေပိုင်းက        နေပြည်တော်ကောင်စီနယ်မြေရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန    စပါးမျိုးသန့် မျိုးပွားစိုက်ကွင်းများကို ကြည့်ရှုစစ်ဆေးသည်။

 


ကြည့်ရှုစစ်ဆေးစဉ်       ပြည်ထောင်စုဝန်ကြီးက ပြည်ပစျေးကွက်ရှိသော  စပါးမျိုးများကို   နည်းပညာ များအသုံးပြု၍  မျိုးမြှင့်တင်သွေးသစ်လောင်းခြင်းမှ ထွက်ရှိလာသော  စပါးမျိုးများအား  မျိုးပွားမျိုးဖြန့် ခြင်းကို  မျိုးစေ့ထုတ်တောင်သူများ၊  ပုဂ္ဂလိကမျိုးစေ့ ထုတ်လုပ်ငန်းရှင်များနှင့်   ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါမျိုးများကို  အသုံးပြု၍  ဆန်စပါး စိုက်ပျိုးထုတ်လုပ်ရာတွင်လည်း     စပါးစိုက်ပျိုးသူ တောင်သူ၊ ဆန်ကြိတ်ခွဲသူ၊ ဆန်တင်ပို့သူ၊ သွင်းအားစု ဖြန့်ဖြူးသူများပါဝင်သော  အကျိုးတူ  ကန်ထရိုက် လယ်ယာစနစ်ဖြင့်  တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုး ပြီး ထိထိရောက်ရောက်  စီးပွားဖြစ်ထုတ်လုပ်နိုင်ရန် နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိရာ လာမည့် နွေစပါးရာသီတွင် ဧက(၈ ဒသမ ၅)သိန်း  စိုက်ပျိုး ထုတ်လုပ်မှုအတွက်   ချေးငွေကျပ်ဘီလီယံ ၁၇၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်၍    ကဏ္ဍအသီးသီးမှ သက်ဆိုင်သူအားလုံးက  တက်ညီလက်ညီ   ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း  ပြောကြားသည်။

 


ပြည်ပဈေးကွက်တွင်     ဝယ်လိုအားများနေသော ဆင်းသုခ၊ ကရင်မ၊  ထွန်းပု၊  ငစိန် စပါးမျိုးများ၏ မျိုးသန့်ပွားများရေးအတွက်   အခြေခံမျိုးထုတ် ပေးခြင်း၊ ဆန်ရည် ဆန်သား အရည်အသွေးကောင်း မျိုးများ  မျိုးပွားခြင်းနှင့်   မျိုးစေ့ဘဏ်    မျိုးစေ့ ထိန်းသိမ်းခြင်းလုပ်ငန်းများကို  စိုက်ပျိုးရေးသုတေသန ဦးစီးဌာနနှင့်   မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

 


စိုက်ပျိုးရေး    သုတေသနဦးစီးဌာနအနေဖြင့် အထွက်နှုန်း၊ အရည်အသွေးနှင့်   အာဟာရဆိုင်ရာ စပါးသီးနှံသုတေသနလုပ်ငန်းများ၊   အလားအလာ ကောင်းသော   စပါးမျိုးလိုင်းများကို   ဗီဇသန္ဓေသန့် အမြုတေအဆင့်မျိုးသန့်ထိန်းသိမ်းခြင်း၊   အကျယ် အပြန့် စိုက်ပျိုးလျက်ရှိသော မျိုးစပါးများ မိဘအဆင့် မျိုးသန့်ပွားများခြင်း စသည့် ဆန်စပါး ကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အရေးပါသော မျိုးစေ့ထုတ်လုပ်ပွားများ   ထိန်းသိမ်းခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ စပါးမျိုး  ၁၂၈ မျိုးကို ထုတ်ဝေပေးပြီးဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်