
ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် အသား၊ ငါးများအား တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့်
ဈေးနှုန်းသက်သာစွာ စားသောက်နိုင်ပြီး ပြည်သူများ အသားနှင့် ငါးစားသုံးမှုမြင့်မားလာကာ ကျန်းမာကြံ့ခိုင်မှုရှိလာမည်
နေပြည်တော် အောက်တိုဘာ ၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ် ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်း အကြားနေရာရှိ သီလဝါဘက်စုံ စိုက်ပျိုး မွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အား မွေးမြူရေးဇုန်ရှင်းလင်းဆောင်၌ မြန်မာစီးပွားရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာ့ စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ် ကြီး ဆန်းဦးနှင့် တာဝန်ရှိသူများက သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၊ ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် တွံ့တေး မြို့နယ်ရှိ ရွှေမုယင်းငါးကန်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ် နေမှုအခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။
သုတေသနပြုဆောင်ရွက်ရန်လို
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး အတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေး ဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက် ရှိခြင်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း အသား၊ ငါးနှင့် ရာသီသီးနှံ ဖူလုံမှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဇုန်များ၌ ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ အရည်အသွေးပြည့်မီသည့် အသား၊ ငါးများအား တိုးမြှင့်ထုတ်လုပ် နိုင်ခြင်းဖြင့် ဈေးနှုန်းသက်သာစွာ စားသောက်နိုင်ပြီး ပြည်သူများ အသားနှင့် ငါးစားသုံးမှုမြင့်မားလာကာ ကျန်းမာ ကြံ့ခိုင်မှုရှိလာမည်ဖြစ်ကြောင်း၊ မွေးမြူ ရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက် ရသည့် လုပ်ငန်းများဖြစ်သဖြင့် စနစ်တကျ ဖြင့် စံပြဖြစ်အောင် စီမံဆောင်ရွက်ရန် လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး သားဖောက်ခြင်းလုပ်ငန်းများအား သုတေသနပြုဆောင်ရွက်ရန် လိုကြောင်း။
ပြည်ပသွင်းကုန်အစားထိုးနိုင်ရေး
မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာ၌ ဒေသတွင်းဖူလုံမှုကို ဦးစွာ စဉ်းစား ဆောင်ရွက်ပြီး ပိုလျှံအသားကို အေးခဲ အသားနှင့် ကုန်ချောထုတ်ကုန်အဖြစ် စီမံ၍ ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ နို့နှင့် နို့ထွက်ပစ္စည်းများကို ပြင်ပမှတင်သွင်း ရလျက်ရှိသည့်အတွက် နွားမွေးမြူရေး လုပ်ငန်းများမှ နို့နှင့် နို့ထွက်ပစ္စည်းများ အောင်မြင်အောင်ထုတ်လုပ်ပြီး ပြည်ပ သွင်းကုန်အစားထိုးနိုင်ရေး ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နို့ထွက်နှုန်းကောင်းမွန် ရန် ပထမဦးစားပေးစဉ်းစားပြီး ယင်းမှ တစ်ဆင့် နို့ဆီ၊ နို့စိမ်း၊ ထောပတ် အစရှိသည့် Product အဖြစ် အဆင့်ဆင့် လုပ်ဆောင်၍ အရည်အသွေးရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထွက်ပေါ်လာ အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဆိုင်စားအတွက် Table size နှင့် စားသုံးသူ အများစုအတွက် ခုတ်သားများထုတ်လုပ် နိုင်ရေး အကန့်လိုက် အရွယ်အစားခွဲ၍ ထည့်သွင်းတွက်ချက် မွေးမြူကြရန်လိုပြီး အသားပေါများစွာ စားသုံးနိုင်ရေး လုပ်ဆောင်ပေးရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာ တွင် Market နှင့် Target ကို သိရှိရမည် ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီ သည့် ရာသီသီးနှံများကို စိုက်ပျိုးကြရန် လိုကြောင်း၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းနှင့် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ခွဲခြားသိမြင်ရမည်ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်ထက် ပိုလျှံမှုမရှိစေရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စဉ်းစား တွက်ချက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ဒေသတွင်း စိုက်ပျိုး မွေးမြူရေး လုပ်ဆောင်လျက်ရှိသည့် ဒေသခံများ၏ ဈေးကွက်ကို မထိခိုက် စေရန် ဈေးကွက်လိုလားချက်နှင့် လိုအပ် ချက်ကို သိရှိအောင်လုပ်ဆောင်ပြီး စဉ်းစား တွက်ချက် လုပ်ဆောင်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များမှ ပိုလျှံသည် များကို လေလွင့်မှုမဖြစ်ပေါ်စေရေး ရေရှည် ထားရှိ အသုံးပြုနိုင်သည့် အခြောက်ခံ ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်ရေး လုပ်ဆောင်ရန်လိုကြောင်း၊ အုန်းဆီ၊ အုန်း မီးသွေး၊ အုန်းဆံတုံး စသည့် အုန်းနှင့် အုန်းထွက်ပစ္စည်းများသည် နေ့စဉ် အသုံးအဆောင်များတွင် မရှိမဖြစ် ပါဝင် နေပြီး ဈေးကွက်ခိုင်မာခြင်း၊ ကမ်းရိုးတန်း ဒေသများတွင် အုန်းပင်စိုက်ပျိုးထားရှိပါက သဘာဝဘေးအန္တရာယ်ကို အကာအကွယ် ပေးနိုင်ခြင်းတို့ကြောင့် ဒေသခံများကို လည်း အုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ အသိပညာပေး တိုက်တွန်းကြရမည်ဖြစ် ကြောင်း။
မျှဝေပေးရမည်
စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇုန်အသီးသီးရှိ ပတ်ဝန်းကျင် ဒေသခံများကိုလည်း ခေတ်မီပြီး နည်းစနစ်ကျနသည့် စိုက်ပျိုး မွေးမြူမှုများ ဖြစ်ပေါ်လာအောင် နည်းစနစ် နှင့် မျိုးများမျှဝေပေးရမည်ဖြစ်ကြောင်း၊ အသား၊ ငါးများအား သက်သာသော ဈေးနှုန်းများဖြင့် ဈေးကွက်အတွင်း ရောင်းချပေးနိုင်ရေး ဆောင်ရွက်ခြင်းဖြင့် အသား၊ ငါးဈေးနှုန်းများ ကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အသား၊ ငါးထွက်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်ရေးအတွက်လည်း ဆောင်ရွက် ရန်လိုကြောင်း၊ တပ်မိသားစုဝင်များ သာမက ပြည်သူများ အသား၊ ငါးနှင့် စိုက်ပျိုးရေး ထုတ်ကုန်များအား သက်သာ သော ဈေးနှုန်းများဖြင့် ဝယ်ယူစားသုံး နိုင်ရေး စဉ်ဆက်မပြတ် ဖြည့်ဆည်း ဆောင်ရွက်သွားရန်လိုကြောင်း မှာကြား သည်။
လှည့်လည်ကြည့်ရှု
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါ ဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်တွင် မွေးမြူထားရှိသည့် ငါးအမျိုးအစား နမူနာပြသထားရှိမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိ သည့် ဘဲဥ၊ ထိုင်ဝမ်သင်္ဘော၊ ကျောက်စိမ်း ဖီးကြမ်းငှက်ပျော၊ နို့ထွက်ပစ္စည်းများ၊ အုန်းထွက်ပစ္စည်းများ ခင်းကျင်းပြသ ထားမှုများကို ကြည့်ရှုပြီး မွေးမြူရေး ဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်း ဆောင်ရွက်နေမှု၊ ငါးမွေးမြူထားရှိမှုနှင့် ဘဲမွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက လိုက်လံရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်